သြစတြေးလျ ရေငုပ်သမားနှစ်ဦး ထိုင်းကလေးများအား မကယ်ထုတ်မီ တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ရယူ

သြစတြေးလျ ရေငုပ်သမားနှစ်ဦး ထိုင်းကလေးများအား မကယ်ထုတ်မီ တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ရယူ
Published 17 July 2018

ဇူလိုင် ၁၄ ရက်တွင် ချင်းရိုင်ဆေးရုံ၌ Wild Boars အသင်းမှ ကလေးများအား တွေ့ရစဉ် (Photo: AFP)

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းနေသည့် ဂူထဲ၌ ပိတ်မိနေသော လူငယ် ဘောလုံးသမားအဖွဲ့အား ကယ်ထုတ်နိုင်မှုတွင် ကူညီပေးခဲ့သည့် သြစတြေးလျ ရေငုပ်သမားနှစ်ဦးသည် အကယ်၍ ကယ်ဆယ်မှု မအောင်မြင်ခဲ့ပါက တရားစွဲဆိုခံရမှုမှ ကင်းလွတ်ခွင့်ရရန် သဘောတူညီချက် ရယူခဲ့ကြောင်း သြစတြေးလျအစိုးရရုပ်သံ ABC က ဇူလိုင် ၁၆ ရက် တွင် ထုတ်လွှင့်ခဲ့သည်။

Wild Boars အသင်းမှ ကလေးများသည် ဂူထဲတွင် ၁၈ ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် ထိုင်းနှင့် နိုင်ငံတကာမှ ရေငုပ်ကျွမ်းကျင်သူများက သုံးရက်ကြာ ကယ်ဆယ်မှုအတွင်း ဘေးကင်းစွာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ဂူထဲ၌ ရေငုပ်ကျွမ်းကျင် ပညာရှင်များဖြစ်သော သြစတြေးလျ မေ့ဆေးဆရာဝန် ရစ်ချက်ဟာရစ်နှင့် ၎င်း၏ တွဲဘက်ရေငုပ်သမား ခရေ့ချယ်လင်းတို့သည် ထိုကယ်ဆယ်မှုတွင် အဓိက အခန်းကဏ္ဍများမှ ပါဝင်ခဲ့ကြသည်။

အန္တရာယ်များလှသော ကယ်ဆယ်မှုတွင် တစ်စုံတစ်ရာ လွဲချော်ခဲ့လျှင် တရားစွဲဆိုခံရနိုင်မှုမှ ကာကွယ်ပေးရန်အတွက် ၎င်းတို့အား သံတမန်ရေးရာ ကင်းလွတ်ခွင့်ပေးရန် သြစတြေးလျနှင့် ထိုင်းအာဏာပိုင်များအကြား ညှိနှိုင်းခဲ့ကြပြီးနောက် ထိုကယ်ဆယ်ရေးတွင် ၎င်းတို့ ပါဝင်လာခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ သတင်းရင်းမြစ်တစ်ဦးအား ကိုးကား၍ ABC က ဖော်ပြခဲ့သည်။

ထိုသတင်းအား သြစတြေးလျ နိုင်ငံခြားရေးရာဌာနက အတည်ပြုခြင်း သို့မဟုတ် ငြင်းဆန်ခြင်း မပြုခဲ့ဘဲ ကယ်ဆယ်ရေးနှင့် သက်ဆိုင်သော အစီအစဉ်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ မေးခွန်းများကို ထိုင်းတာဝန်ရှိသူများကိုသာ မေးရန်ပြောကြားခဲ့သည်။

ထိုကယ်ဆယ်ရေးသည် လုံး၀ သေရေးရှင်ရေး ဖြစ်ကြောင်း၊ ထိုလူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတို့အား အောင်မြင်စွာ ကယ်ဆယ်နိုင်ခြင်း ရှိ၊ မရှိကို ရေငုပ်ကျွမ်းကျင်သူများကပင် မရေမရာ ဖြစ်ခဲ့သေးကြောင်း ချယ်လင်းက နေရပ်သို့ ပြန်ရောက်ခဲ့ပြီးနောက် သြစတြေးလျ မီဒီယာဖြစ်သော Sunday Times သို့ ပြောကြားခဲ့သည်။ “ဒါက ကျွန် တော်တို့အတွက် အန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ကလေးတွေအတွက် အန္တရာယ်များလို့ အာရုံစုစည်းလို့ မရဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ မှောင်မည်း၍ ကျဉ်းမြောင်းသော ဂူထဲမှ ကလေးများအား ရေငုပ်သမားများက ကယ်ထုတ်လာစဉ် ကြောက်လန့်တကြားဖြစ်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ၎င်းတို့အား စိတ်ငြိမ်ဆေး တိုက်ကျွေးခဲ့ကြောင်း၊ ကလေးများသည် ထိတ်လန့်တကြားဖြစ်၍ တုံ့ပြန်ပါက ၎င်းတို့ကိုယ်တိုင်အပြင် ကယ်ဆယ်ရေးများကိုပါ အန္တရာယ်ဖြစ်စေမည် ဖြစ်ကြောင်း ချယ်လင်းက ပြောကြားခဲ့သည်။

ရေငုပ်သမားများက ဂူထဲ၌ ကယ်ဆယ်ရေး မလုပ်ဆောင်မီ ဂူအနီးရှိ ရေကန်တစ်ကန်တွင် ထိုင်းကလေးများနှင့်အတူ ရေငုပ်လေ့ကျင့်ခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထိုကယ်ဆယ်မှုတွင် ပါဝင်ကူညီခဲ့သည့် ဗြိတိန် လိုဏ်ဂူကျွမ်းကျင်ပညာရှင် ဗာနွန် အန်စဝုသ်က ၎င်းအား “ကလေးသူငယ်များအား ပုံမှန်မဟုတ်ဘဲ လိင်စွဲလမ်းသူ” pedo guy ဟု သုံးနှုန်းခဲ့သည့် Tesla ကုမ္ပဏီ စီအီးအို အီလန်မက်စ်အား ဥပဒေကြောင်းအရ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၆ ရက် တွင် ပြောကြားခဲ့သည်။

Tham Luang ဂူထဲမှ ကျဉ်းမြောင်းပြီး ရေလွှမ်းနေသော လမ်းကြောင်းများမှ တစ်ဆင့် ကလေးများအား ကယ်တင်မှုတွင် မက်စ်က ကမ်းလှမ်းခဲ့သော ရှေ့ပြေး မီနီရေငုပ်သင်္ဘောသည် လုံး၀ အလုပ်ဖြစ်ဖွယ်မရှိဟု ကယ်ဆယ်ရေးများအား လိုဏ်ဂူမြေပုံ အချက်အလက်များ ထောက်ပံ့ပေးခဲ့သည့် အန်စဝုသ်က ပြောကြားခဲ့သည်။

ထိုပြောကြားမှုအား မက်စ်က Follower ၂၂ သန်းကျော် ရှိသော Twitter တွင် ဇူလိုင် ၁၅ ရက်၌ တုံ့ပြန်သည့် ပို့စ်များစွာ တင်ခဲ့ပြီး အန်စဝုသ် ကိုလည်း အမည်မတပ်ဘဲ Pedo guy ဟု သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် တင်ထားသည့် ထိုစာများအား မက်စ်က နောက်ပိုင်းတွင် ပြန်ဖြုတ်ချခဲ့သော်လည်း မှတ်ချက်ပေးရန် Tesla ကုမ္ပဏီမှတစ်ဆင့် တောင်းဆိုမှုကို တုံ့ပြန်မှု မပြုလုပ်ခဲ့ပေ။

အန်စဝုသ်က မက်စ်တင်ခဲ့သော စာအားလုံးကို အပြည့်အ၀ ပြန်လည် မသုံးသပ်ရသေးကြောင်း၊ ကြားရုံသာ ကြားထားရကြောင်း ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ထိုစွပ်စွဲချက်များအတွက် မက်စ်အား တရားစွဲမည်လားဟု မေးမြန်းမှုကို အန်စဝုသ်က ၎င်းထင်ထားသည့်အတိုင်း မှန်လျှင် တရားစွဲမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Most Read

Most Recent