အမေရိကန်နှင့် ကုန်သွယ်ရေးစာချုပ်ချုပ်နိုင်ရန် Brexit ကိစ္စကို ပြီးအောင်လုပ်ရမည်ဟု ထရန့်က မေကို ပြောကြား

အမေရိကန်နှင့် ကုန်သွယ်ရေးစာချုပ်ချုပ်နိုင်ရန် Brexit ကိစ္စကို ပြီးအောင်လုပ်ရမည်ဟု ထရန့်က မေကို ပြောကြား
Published 16 July 2018

ဇူလိုင် ၁၄ ရက်က စကော့တလန်ရှိ Turnberry ဂေါက်ကွင်း၌ ဂေါက်ရိုက်ရန် ရောက်ရှိနေသော အမေရိကန်သမ္မတထရန့် လက်ပြနေသည်ကို တွေ့ရစဉ် (Photo: AFP)

ဥရောပသမဂ္ဂနှင့်ရရှိသော Brexit သဘောတူညီချက်ထဲတွင် အမေရိကန်နှင့်လွတ်လပ်စွာ ကုန်သွယ်ရန်စာချုပ်ချုပ်ဆိုခွင့်ရရှိရေးအတွက် ဗြိတိန်ဘက်က သေချာအောင် လုပ်ဆောင်သင့်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၁၅ ရက်က အင်တာဗျူးတစ်ခု၌ ပြောခဲ့သည်။

ဥရောပသမဂ္ဂနှင့် မည်သို့သောသဘောတူညီချက်ရရှိသည်ဖြစ်စေ ဗြိတိန်အစိုးရအနေဖြင့် ပြီးစီးအောင်မြင်အောင်လုပ်ရမည်ဖြစ်ကြောင်း၊ ထိုမှသာ မဟာကုန်သွယ်ရေး သဘောတူညီချက်ကြီးတစ်ခုကို ချုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေကို ပြောခဲ့သည်ဟု ထရန့်က ဆိုသည်။

အပြီးသတ်  Brexit  စာချုပ်တွင် ခွင့်ပြုပါက ဗြိတိန်နှင့် အမေရိကန်တို့သည် မဟာကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကိုရ နိုင်သည်ဟု Daily Mail သတင်းစာနှင့် ပြုလုပ်ခဲ့သော မေးမြန်းခန်းအတွင်း ထရန့်က ပြောခဲ့သည်။

“ဗြိတိန်တွေမှာ ကျွန်တော်တို့ ကြိုက်တဲ့ ကုန်တွေရှိပါတယ်။ ဒါကြောင့် သူတို့နဲ့ကြီးမားတဲ့ သဘောတူညီချက်ကြီးတစ်ခု ချုပ်မှာပါ။ ဗြိတိန်အနေနဲ့လည်း ကျွန်တော်တို့နဲ့ ကင်းကွာလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ဥရောပသမဂ္ဂထက် အများကြီး ပိုကြီးတယ်။ ရှုထောင့်အရလည်း ကျွန်တော်တို့က ပိုပြီး အရေးပါ,ပါတယ်” ဟု ထရန့်က ဆိုသည်။ ထရန့် သည်  Brexit  ကိစ္စ နှင့်ပတ်သက်၍ မေကို လူသိရှင်ကြားဝေဖန်မိခဲ့မှုအတွက် ပြန်လည်တောင်းပန်ခဲ့ပြီး သတင်းတုများကြောင့်ဟု အပြစ်တင်ခဲ့သည်။

 

■ Brexit  ဖြစ်မလာနိုင်ခြေလည်းရှိဟု မေက သတိပေး

လွှတ်တော်အမတ်များသည် ဥရောပသမဂ္ဂမှ နုတ်ထွက်ရန် ၎င်း၏ အစီအစဉ်များကို လျော့ပါးအောင် ကြိုးပမ်းနေသဖြင့်  Brexit  ဖြစ်မလာနိုင်ခြေလည်းရှိကြောင်း ဝန်ကြီးချုပ် ထရီဆာမေက သတိပေးခဲ့သည်။“ နိုင်ငံကို ကျွန်မ ပြောလိုတာကတော့ ရိုးရိုးလေးပါ။ ရလဒ်ကောင်းထွက်လာဖို့ စူးစိုက်နေသင့်ပါတယ်။ မဟုတ်ဘူးဆိုရင်တော့ ဥရောပသမဂ္ဂကနေ ဗြိတိန်မထွက်ဖြစ်တဲ့ ကိစ္စမျိုးနဲ့ ကျွန်မတို့ ကြုံရလိမ့်မယ်”  ဟု Daily Mail သို့ ပြောကြားခဲ့သည်။

ထို့ပြင် ထရန့်က ဥရောပသမဂ္ဂကို တရားစွဲရန်လည်း ၎င်းကို ပြောကြားသွားခဲ့ကြောင်း မေက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သေးသည်။ “ ကျွန်မအနေနဲ့ ဥရောပသမဂ္ဂကို တရားစွဲသင့်တယ်လို့ သူက ပြောပါတယ်” ဟု မေက ဘီဘီစီရုပ်သံသို့ ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ထရန့်က ၎င်းအကြံပေးသည်များကို မေက လက်မခံခဲ့ဟု မေနှင့်တွေ့ ဆုံမှုအပြီးတွင် ပြောခဲ့ဖူးသည်။

ဥရောပသမဂ္ဂမှ ထွက်ခွာသွားပြီးနောက်ပိုင်း ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့၏ခိုင်မာသော ကုန်သွယ်ရေးဆက်ဆံမှုအား ဆက်လက်ထိန်းသိမ်းထားရန် မေ၏ အဆိုပြုချက်များကို  Brexit  နှင့်ပတ်သက်၍သဘောထား တင်းမာသူများက ဖီဆန်နေကြသည်။

■ ဗြိတိန်ဘုရင်မကြီး နှစ်ပေါင်းများစွာ ဆက်၍ အသက်ရှည်ဦးမည်

ထရန့်သည် ဇူလိုင် ၁၆ ရက်တွင် ရုရှား သမ္မတဗလာဒီမာပူတင်နှင့် ထိပ်သီးအစည်း အဝေးပွဲတစ်ခုပြုလုပ်ရန် ဖင်လန်နိုင်ငံ၏မြို့တော်သို့ မသွားရောက်မီ စကော့တလန် အနောက်တောင်ပိုင်းရှိ Turnberry ဂေါက်ကွင်း၌ အချိန်ကုန်ဆုံးခဲ့သည်။

ထရန့်သည် ၎င်း၏ လေးရက်ကြာ ဗြိတိန်ခရီးစဉ်အတွင်း အဲလိဇဘတ်ဘုရင်မကြီး နှင့် ၎င်း၏တွေ့ဆုံမှုမှ အသေးစိတ်အကြောင်းအရာများကို ပြန်လည်ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြင့် တော်ဝင်ဆိုင်ရာ ကျင့်ဝတ်များကို ထပ်မံချိုးဖောက်မိခဲ့ပြန်သည်။                        ထရန့်သည် အဲလိဇဘတ်ဘုရင်မကြီး နှင့် ဇူလိုင် ၁၃ ရက်က ဝင်ဆာနန်းတော်တွင် လက်ဖက်ရည်သောက်ရန် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ဘုရင်မကြီးသည် နိုင်ငံရေးနှင့် ခပ်ကင်းကင်းနေပြီး ၎င်း၏ ပုဂ္ဂိုလ်ရေးအမြင်ကိုလည်း ထုတ်မပြောတက်သူဖြစ်သည်။

“သူ ပြောတာမှန်ပါတယ်။  Brexit ဟာ အရမ်း ရှုပ်ထွေးတဲ့ ပြဿနာကြီးပါ” ဟု ထရန့်က  ဘုရင်မကြီး ပြောခဲ့သည်ကို ပြန်ပြောပြခဲ့သည်။

ထို့ပြင် ထရန့်က အသက် ၉၂ နှစ်အရွယ် ဘုရင်မကြီးသည် အလွန်ကောင်းမွန်သော အမျိုးသမီးတစ်ဦးဖြစ်သည်ဟု ဆိုခဲ့ပြီး “သူဟာ အရမ်းလည်းလှပါတယ်။ နောင်နှစ်တွေ အများကြီး အသက်ဆက်ရှည်နေဦးမှာပါ” ဟုလည်း ပြောခဲ့သည်။ “သူ့ ဘက်က ဘယ် လိုအမြင်ရှိသလဲဆိုတာတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို အရမ်းနှစ်သက်ပါတယ်” ဟု ထရန့်က အဲလိ ဇဘတ်ဘုရင်မကြီးက ၎င်းကို နှစ်သက်ခြင်း ရှိ မရှိ မေးခွန်းအားပြန်လည် ဖြေကြားခဲ့သည်။

ထိပ်သီးအစည်းအဝေးအတွက် ဖင်လန်သို့ ထွက်ခွာရန် ပြင်ဆင်နေသော ထရန့်က ပူတင်သည် အကြင်နာမဲ့ရက်စက်သူတစ်ဦး ဖြစ်သည်ဟု ယူဆကြောင်း ပြောခဲ့သည်။ “ကျွန်တော်တို့တွေ့ဆုံမှုဟာ အရမ်းအဆင် ပြေသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိတ်ဆွေလား၊ ရန်သူလားဆိုတာတော့ ပြောဖို့ စောလွန်းသေးပေမဲ့ လက်ရှိပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေပါ” ဟု ထရန့်က ပြောကြားခဲ့သည်။

■ ရွေးကောက်ပွဲ ထပ်ပြိုင်ဦးမည်

ထရန့်သည် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင်လည်း ထပ်မံ ယှဉ်ပြိုင်ဦးမည်ဟု ဗြိတိန်ဂျာနယ်လစ် ပီးယားစ်မော်ဂန်နှင့် ပြုလုပ်ခဲ့သည့် မေးမြန်းခန်းအတွင်း ဖြေကြားခဲ့သည်။ထရန့်က ၎င်းကို နိုင်နိုင်သည့် မည်သည့်ဒီမိုကရက်ကိုမှ မတွေ့သေးဟု ဆိုသည်။ “ကျွန်တော် သူတို့ အားလုံးကို သိပါတယ်။ ကျွန်တော့်ကို နိုင် နိုင်တဲ့သူ ဘယ်သူ့ကိုမှ မတွေ့သေးပါဘူး” ဟု ပြောကြားခဲ့သည်။

Most Read

Most Recent