၂၀၁၄ စစ်ပွဲနောက်ပိုင်း အစ္စရေး၏ အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိ

၂၀၁၄ စစ်ပွဲနောက်ပိုင်း အစ္စရေး၏ အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိ
Published 16 July 2018

အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုအတွင်း ပျက်စီးခဲ့သည့် ဂါဇာမှ အဆောက်အအုံအပျက်အစီးတစ်ခုကို ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (Photo: AFP)

အစ္စရေးသည် ၂၀၁၄ ခုနှစ်စစ်ပွဲနောက်ပိုင်း ဂါဇာသို့ အပြင်းထန်ဆုံးဗုံးကြဲတိုက်ခိုက်မှုများကို ဇူလိုင် ၁၄ ရက်က လုပ်ဆောင်ခဲ့ရာ သေဆုံးခဲ့သည့် ပါလက်စတိုင်းနှစ်ဦး ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ဂါဇာဘက်မှလည်း အစ္စရေးသို့ ဒုံးကျည်ဒါဇင်ပေါင်းများစွာဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။

သို့သော် အဆိုပါနေ့နှောင်းပိုင်းတွင်  အီဂျစ်နှင့် အခြားသူများ၏ အကူအညီဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိသွားပြီဟု ဟားမားအုပ်စုက ထုတ်ပြန်ခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးသည် လက်ရှိအချိန်အထိ ဆက်လက်တည်မြဲနေသေးကြောင်းလည်း သိရသည်။

လပေါင်းများစွာ တင်းမာမှုများ မြင့်တက်လာပြီးနောက် ဖြစ်ပွားခဲ့သည့် ယခု အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများသည် ဂါဇာကမ်းမြောင်တွင် လေးကြိမ်မြောက် စစ်ပွဲဖြစ်ပွားနိုင်သည့် အခြေအနေများကိုပင် မြင့်တက်စေခဲ့သည်။

ဂါဇာဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်အများအပြားအနက် တစ်စင်းသည် ဂါ ဇာနယ်စပ်အနီးရှိ ဆဒါရော့မြို့မှ နေအိမ်တစ်လုံးကို ထိမှန်ခဲ့ရာ အစ္စရေးလေးဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ဂါဇာအနောက်ပိုင်းရှိ အဆောက်အအုံတစ်ခုသို့ ထိမှန်ခဲ့သော အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုတစ်ခုကြောင့် အသက် ၁၅ နှင့် ၁၆ နှစ် အသီးသီးရှိသည့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့ပြီး ဂါဇာတစ်ဝန်းတွင် ဒဏ်ရာရရှိသူ ၂၅ ဦး ရှိခဲ့သည်ဟု သိရသည်။

တင်းမာမှုများမြင့်တက်လာခြင်းကို ရပ်တန့်ရန် အပစ်အခတ်ရပ်စဲရေးအတွက် အီဂျစ်ဘက်မှာ ကမ်းလှမ်းလာမှုကို သဘောတူညီခဲ့သည်ဟု ဂါဇာဒေသကို အုပ်ချုပ်နေသော ဟားမားအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဖော်ဇီဘာဟွန်းက ဇူလိုင် ၁၄ ရက်နှောင်း ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

အစ္စရေးစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကမူ တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားရန် ငြင်းဆန်ခဲ့သည်။ သို့သော် ၎င်းတို့စစ်တပ်သည် မြေပြင် အခြေအနေများကို မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အစ္စရေး၏ပြောကြားချက်အရ ဂါဇာဘက်မှ ဒုံးကျည်နှင့် မော်တာကျည် ၁၀၀ ဝန်းကျင်ပစ်ခတ်လာခဲ့ပြီး အများစုမှာ မော်တာကျည်များဖြစ်သည်ဟု သိရသည်။ ဟားမားတို့ကမူ အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

■ အပြင်းထန်ဆုံးထိုးနှက်ချက်

ယခုကဲ့သို့ တင်းမာမှုများ မြင့်တက်လာခြင်းအတွက် အစ္စရေးက ဟားမားအဖွဲ့ကို အပြစ်တင်ခဲ့ပြီး နယ်စပ်တွင် လပေါင်းများစွာ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ၊ အချင်းများမှုများ ကို ထောက်ပြခဲ့သည်။ ထို့ပြင် ဂါဇာဘက်မှ  လွှတ်လိုက်သော ဗုံးများကို သယ်ဆောင်လာသည့် စွန်များ၊ မိုးပျံပူဖောင်းများကြောင့် အစ္စရေးလယ်ကွက်များတွင် မီးလောင်မှုအများ အပြားဖြစ်ပွားခဲ့ရသည်။ ယင်းဖြစ်စဉ်များက ဟားမားအပေါ် အရေးယူရန် အစ္စရေး အစိုးရနှင့် စစ်တပ်အပေါ် ဖိအားများ ဖြစ်ခဲ့သည်။

ဟားမားတို့သည် ၂၀၁၄ ခုနှစ် စစ်ပွဲ နောက်ပိုင်း အပြင်းထန်ဆုံး ထိုးနှက်ခံလိုက်ရသည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ပြောကြားခဲ့ပြီး လိုအပ်ပါက ၎င်းတို့၏ တိုက်ခိုက်မှုအားကို ထပ်မံတိုးမြှင့် သွားမည်ဟုလည်း ဆိုသည်။

Most Read

Most Recent