ပထမဆုံး အာကာသခရီးစဉ်သစ်များ ၂၀၁၉ ခုနှစ်တွင် ဖြစ်လာနိုင်မည်

ပထမဆုံး အာကာသခရီးစဉ်သစ်များ ၂၀၁၉ ခုနှစ်တွင် ဖြစ်လာနိုင်မည်
Published 15 July 2018

၂၀၁၂ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် အင်္ဂလန်တောင်ပိုင်း၌ Farnborough အပြည်ပြည်ဆိုင်ရာလေကြောင်းပြပွဲတွင် Virgin Galactic ၏ အာကာသခရီးသွား လေယာဉ်ပုံစံငယ်ကို တွေ့ရစဉ် (Photo: AFP)

အာကာသခရီးသွားလုပ်ငန်းအတွက် ကြိုးပမ်းနေကြသည့် အုပ်စုထဲတွင် ဦးဆောင်နေသည့် ကုမ္ပဏီနှစ်ခုက ၎င်းတို့၏ပထမဆုံး ခရီးစဉ်များစတင်ရန် လအနည်းငယ်သာ လိုတော့သည်ဟု ပြောခဲ့ကြသည်။ သို့သော် နှစ်ဖက်စလုံးက နေ့စွဲအတိအကျကို မထုတ်ပြန်ခဲ့ပေ။

ထိုကုမ္ပဏီနှစ်ခုအနက် တစ်ခုမှာ ဗြိတိန်ဘီလျံနာ ရစ်ချက်ဘရန် ဆင်တည်ထောင်သော Virgin Galactic ဖြစ်ပြီး နောက်တစ်ခုမှာ အမေဇုန်တည်ထောင်သူ ဂျက်ဖ်ဘီဇော့၏ Blue Origin ဖြစ်သည်။ လုံးလုံးလျားလျား မတူညီသော နည်းပညာများကို ကိုယ်စီအသုံးပြုထားသည့် ထိုလုပ်ငန်းနှစ်ခုစလုံးသည် မည်သူက ဦးစွာစတင်နိုင်မည်ကို ပြိုင်ဆိုင်နေကြသည်။

အလေးချိန်ကင်းမဲ့သွားမည့် တစ်ခဏ

Virgin ရော Blue Orgin မှ ခရီးသည်များပါ ၎င်းတို့၏အာကာသခရီးစဉ်အတွင်း ကမ္ဘာကို ပတ်ရလိမ့်မည်မဟုတ်ပေ။ ယင်းအစား အာကာသထဲမှ အလေးချိန်ကင်းမဲ့မှု၏ အတွေ့အကြုံကို မိနစ်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ ခရီးသည်များသည် ပထမဆုံး အာကာသခရီးသွားများနှင့်များစွာ ကွာခြားသွားမည်ဖြစ်သည်။ ၂၀၀၀ ပြည့်လွန်နှစ်ဝန်းကျင်က ကမ္ဘာ့ပထမဆုံးအာကာသ ခရီးသည်များသည် နိုင်ငံတကာ အာကာသစခန်းသို့သွားရန် ဒေါ်လာသန်းပေါင်း များစွာ ပေးခဲ့ကြရသည်။

သို့သော် Virgin နှင့် အာကာသသွားမည့် ခရီးသည်များသည် လက်မှတ်တစ်စောင်အတွက် များစွာအကုန်အကျ ပိုမိုသက်သာသွားမည်ဖြစ်ပြီး ဒေါ်လာ ၂၅၀၀၀၀ ကျသင့်မည်ဟု သိရသည် Blue Origin ၏ ဈေးနှုန်းမှာလည်း ဒေါ်လာ ၂၀၀၀၀၀ မှ ၃၀၀၀၀၀ ကြားရှိမည် ဖြစ်သည်။

အမေရိကန်အာကာသ သိပ္ပံပညာရှင်ကာမန်၏ အယူအဆအရ အာကာသသည် ကမ္ဘာဂြိုဟ်အထက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) အကွာတွင် စတင်ပြီး အမေရိကန်လေတပ်ကမူ အာကာသသည် မိုင် ၅၀ အကွာတွင် စတင်သည်။ ယခုအာကာသ ခရီးစဉ်သစ်များ၏ အဓိကပန်းတိုင်မှာ အာကာသစတင်ရာ ထိုမျဉ်းများကို ဖြတ်သွားရေးပင်ဖြစ်သည်။ ထိုအမြင့်မှ ကြည့်ပါက ကောင်းကင်ကြီးမှာ မည်းမှောင်နေပြီး ကမ္ဘာကြီး၏ အခုံးသဏ္ဌာန်ကိုလည်း ထင်ရှားစွာ တွေ့နိုင်မည်ဖြစ်သည်။ နိုင်ငံတကာ အာကာသစခန်း (ISS) မှာမူ ကမ္ဘာဂြိုဟ်မှ ကီလိုမီတာ ၄၀၀ (မိုင်၂၅၀) ကွာတွင် လည်ပတ်နေခြင်းဖြစ်သည်။

Virgin Galactic

Virgin Galactic ၏ အာကာသခရီးစဉ်တစ်ခုတွင် ပုဂ္ဂလိက ဂျက်လေယာဉ်တစ်စင်းနှင့် ဆင်တူသော လူစီးအာကာသယာဉ် VSS Unity ၌ ခရီးသည်ခြောက်ဦးနှင့် အာကာသယာဉ်မှူး နှစ်ဦးပါဝင်မည်ဖြစ်သည်။

VSS Unity ကို အာကာသယာဉ် တင်ဆောင်သည့် White Knight Two နှင့် တွဲထားမည်ဖြစ်ပြီး ဒုံးပျံဖြင့် လွှတ်တင်လိုက်မည်ဖြစ်သည်။ ပေပေါင်း ၄၉၀၀၀ (မီတာ ၁၅၀၀၀) သို့ ရောက်လျှင် White Knight Two က VSS Unity ကို ဖြုတ်ထုတ်လိုက်ကာ VSS Unity က အာကာသထဲသို့ ၆၂ မိုင်ထပ်မံ ပျံသန်းရမည်ဖြစ်သည်။

ထို့နောက် ခရီးသည်များသည် ဆွဲအားကင်းမဲ့သည့် အခြေအနေတွင် မိနစ်အနည်းငယ်ကြာ မျောပါပြီးနောက် ကမ္ဘာသို့ ပြန်လာမည် ဖြစ်သည်။ စုစုပေါင်းကြာချိန်မှာ မိနစ် ၉၀ မှ နှစ်နာရီကြားဖြစ်သည်။

Blue Origin

Blue Origin ၏ စနစ်မှာမူ ပုံမှန်ဒုံးပျံစနစ်နှင့် ပိုမိုနီးစပ်ပြီး New Shepard ဟုခေါ်သည်။ ထိုခရီးစဉ်တွင်မူ ပေ ၆၀ မြင့်သော ဒုံးပျံတစ်စင်း၏ထိပ်တွင် တပ်ဆင်ထားသော အာကာသယာဉ်ခန်း (capsule) တစ်ခု၌ ခရီးသည်ခြောက်ဦး လိုက်ပါလာမည် ဖြစ်သည်။ လွှတ်တင်လိုက်ပြီးနောက်တွင် ဒုံးကျည်က ထို capsule ကို ဖြုတ်ထုတ်လိုက်ပြီး capsule သည် ကမ္ဘာမြေအထက် မိုင် ၆၀ ခန့်ကို အလိုအလျောက် ဆက်လက် မောင်းနှင်သွားမည်ဖြစ်သည်။

ခရီးသည်များသည် မိနစ်အနည်းငယ်ကြာမြင့်သည့် ဆွဲငင်အား ကင်းမဲ့မှုကို ခံစားနေစဉ် capsule တွင် တပ်ဆင်ထားသော ကြီးမားလှည့်ပြတင်းများမှတစ်ဆင့် ရှုခင်း ကြည့်နိုင်မည်ဖြစ်သည်။ ထိုနောက် capsule သည် ကမ္ဘာမြေပေါ်သို့ လေထီးကြီးသုံးခု၊ ရီထရိုရောကတ်များနှင့်အတူ တဖြည်းဖြည်း ပြန်ကျလာမည်ဖြစ်သည်။

SpaceX နှင့် Boeing တို့သည်လည်း နာဆာမှ အာကာသယာဉ်မှူးများကို သယ်ယူပို့ဆောင်ပေးရန် capsule များကို တည်ဆောက်နေကြပြီး ၂၀၂၀ ပြည့်နှစ်လောက်မှ ပြီးစီးနိုင်မည်ဟု သိရသည်။

Ref: AFP

Most Read

Most Recent