ဖူကူရှီးမားရှင်းလင်းရေးတွင် နိုင်ငံခြားသား သင်တန်းသားများကို ဂျပန်ကုမ္ပဏီများ အသုံးပြုခဲ့

ဖူကူရှီးမားရှင်းလင်းရေးတွင် နိုင်ငံခြားသား သင်တန်းသားများကို ဂျပန်ကုမ္ပဏီများ အသုံးပြုခဲ့
Published 15 July 2018

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖူကူရှီးမားစီရင်စု၌ တိုကျိုလျှပ်စစ်စွမ်းအင်ကုမ္ပဏီ၏ ဖူူကူရှီးမားဒိုင်နီဓာတ်ပေါင်းဖိုများအား တွေ့ရစဉ် (Photo: AFP)

ဖူကူရှီးမားနျူကလီးယား သဘာဝဘေးပြီးနောက် ရှင်းလင်းရေး လုပ်ငန်းများတွင် နိုင်ငံခြားသား သင်တန်းသားများကို ဂျပန်ကုမ္ပဏီလေးခုက အသုံးပြုခဲ့ကြောင်း အစိုးရက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ သင်ယူရန် ဂျပန်သို့ လာရောက်ကြသော နိုင်ငံခြားသား သင်တန်းသားများကို ပုံမှန်အခြေအနေအောက် နိမ့်ကျသော အခြေအနေ၌ စေခိုင်းကြောင်း စွပ်စွဲခံနေရမှုသည် ယခုထုတ်ဖော်ချက်ကြောင့် ဝေဖန်မှုများ ပြန်လည် ထွက်ပေါ်လာစေနိုင်သည်။

ဖူကူရှီးမား ရှင်းလင်းရေးလုပ်ငန်းများတွင် ဗီယက်နမ် သင်တန်းသားသုံးဦး ပါဝင်ခဲ့ကြောင်းကို မတ်လက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရားရေးဝန်ကြီးဌာနသည် စုံစမ်းစစ်ဆေးခဲ့ပြီး ယခုထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဂျပန်ကုမ္ပဏီက တင်ပြသော အစီအစဉ်များအရ ဆောက်လုပ်ရေး စက်ပစ္စည်းများ အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်ရမည်ဟု ဗီယက်နမ်တို့က ယူဆခဲ့ကြသည်။ သို့သော်လည်း စက်ကိရိယာများ မပါဝင်ဘဲ မြေရှင်းလင်းရေးကဲ့သို့သော သန့်ရှင်းရေး လုပ်ငန်းများတွင် ဗီယက်နမ်နိုင်ငံသားများ ပါဝင်ခဲ့ကြရသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်ကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်ခဲ့ပြီး ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံတွင် ဧရာမပျက်စီးမှု ဖြစ်ပွားခဲ့သည်။ ဖူကူရှီးမားဖြစ်ရပ်ဆိုးသည် ၁၉၈၆ ခုနှစ်က ချာနိုဘိုင်းဖြစ်စဉ်နောက်ပိုင်း ကမ္ဘာတွင် အဆိုးဆုံးသော နျူကလီးယား မတော်တဆမှုဖြစ်ခဲ့သည်။

ဖူကူရှီးမားရှင်းလင်းရေးတွင် နိုင်ငံခြားသား သင်တန်းသားများကို အသုံးပြုခြင်းသည် မသင့်တော်ကြောင်း တရားရေးဌာနက ပြောကြားခဲ့သည်။ နိုင်ငံခြားသား သင်တန်းသားများကို အသုံးပြုခဲ့သည့် ဂျပန်ကုမ္ပဏီ လေးခုအနက်တစ်ခုအား သင်တန်းသားသစ် လက်ခံခွင့် ငါးနှစ်ပိတ်ပင်ခဲ့ပြီး ကျန်ကုမ္ပဏီသုံးခုကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံခြားသား သင်တန်းသားများကို ငှားရမ်းသော ဆောက်လုပ်ရေးကုမ္ပဏီ ၁၈၂ ခုကို တရားရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးခဲ့ပြီး စက်တင်ဘာလကုန်တွင် နောက်ထပ် ကုမ္ပဏီ ၈၂၀ ကို စုံစမ်းစစ်ဆေးမည်ဖြစ်သည်။

ဂျပန်အစိုးရသည် ၁၉၉၃ ခုနှစ်မှစပြီး နိုင်ငံခြားသား သင်တန်းသားများကို လက်ခံခဲ့ရာ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ဂျပန်၌ နိုင်ငံခြားသား သင်တန်းသား ၂၅၀၀၀၀ ကျော် ရှိခဲ့သည်။ သို့သော်လည်း ယင်းသင်တန်းသားများသည် အလုပ်ချိန် အလွန်အမင်း များပြားစွာ လုပ်ကိုင်ရမှု အပါအဝင် ဆိုးရွားသော လုပ်ငန်းခွင် အခြေအနေများနှင့် ကြုံတွေ့နေရကြောင်း ဝေဖန်သူများက ပြောကြားခဲ့သည်။

ဂျပန်၏ သက်ကြီးရွယ်အို များပြားခြင်းနှင့် လူဦးရေ ကျုံ့လာခြင်းတို့ကြောင့် အလုပ်သမား လိုအပ်ချက် ပြဿနာကို ဖြေရှင်းရန်အတွက် ဂျပန်အစိုးရသည် နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူရန် ဗီဇာစနစ်သစ်တစ်ရပ် ဖန်တီးလိုနေချိန်တွင် ယခုစုံစမ်းစစ်ဆေးမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စိုက်ပျိုးရေးကဲ့သို့သော ကဏ္ဍများတွင် နိုင်ငံခြားသားအလုပ်သမားများကို လက်ခံမည့် စနစ်သစ်တစ်ရပ်ကို ဖန်တီးလိုကြောင်း ဂျပန်အစိုးရက ဇွန်လတွင် ပြောကြားထားသည်။ ယင်းအလုပ်သမားများသည် ငါးနှစ်အထိ ဂျပန်တွင် နေနိုင်မည်ဖြစ်ပြီး မိသားစုဝင်များကိုမူ ခေါ်ထားခွင့်ရမည် မဟုတ်ပေ။ ၂၀၁၇ ခုနှစ်ကုန်က ဂျပန်တွင် နိုင်ငံခြားသားအလုပ်သမား ၁ ဒသမ ၂၈ သန်း ရှိခဲ့ကြောင်း အစိုးရ၏ စာရင်းများက ဆိုသည်။

Ref: AFP

Most Read

Most Recent