ထိုင်းဂူထဲမှ ကယ်ဆယ်ခဲ့သည့် ကလေးများ ဇူလိုင် ၁၉ ရက်တွင် ဆေးရုံမှဆင်းမည်

ထိုင်းဂူထဲမှ ကယ်ဆယ်ခဲ့သည့် ကလေးများ ဇူလိုင် ၁၉ ရက်တွင် ဆေးရုံမှဆင်းမည်
Published 15 July 2018

ဇူလိုင် ၁၁ တွင် ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှရယူခဲ့သော ဓာတ်ပုံတွင် ချင်းရိုင်ဆေးရုံ၌ တက်ရောက်နေသော ကလေးအချို့ကို တွေ့ရစဉ် (Photo: AFP)

ထိုင်းဂူတစ်ခုထဲမှ ကယ်ဆယ်ခဲ့သည့်  လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြသည် ဇူလိုင် ၁၉ ရက်တွင် ဆေးရုံမှ ဆင်းမည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ၎င်းတို့၏ အံ့အားသင့်ဖွယ် ဘေးအန္တရာယ်လွတ်မြောက်မှုဖြစ်စဉ်ကို အလွန်အမင်း စိတ်ဝင်စားနေကြသော်လည်း မီဒီယာတွေ့ဆုံမေးမြန်းမှုများကို ရှောင်ရန် ကျန်းမာရေး တာဝန်ရှိသူများက လူငယ်ဘောလုံးအဖွဲ့ကို တိုက်တွန်းခဲ့သည်။

Wild Boars ဟု ခေါ်ဆိုသည့် လူငယ်ဘောလုံးအဖွဲ့နှင့် ၎င်းတို့၏နည်းပြသည် မွေးနေ့ပွဲဆင်နွှဲရန် ဇွန် ၂၃ ရက်တွင် ထိုင်း နိုင်ငံမြောက်ပိုင်းရှိ Tham Luang ဂူသို့ သွားရောက်စဉ် ရေကြီးလာသောကြောင့် ဂူထဲတွင် ပိတ်မိနေခဲ့သည်။

၎င်းတို့အားလုံးကို  ဇူလိုင်  ၁၀ ရက် တွင် အပြီးသတ်ကယ်ဆယ်ခဲ့ပြီးနောက် တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်စဉ်သည် အဆုံးသတ်ခဲ့သည်။

“ Wild Boars အသင်းက ၁၃ ဦးလုံး ရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်းမွန်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ကောင်းတယ်။ သူတို့အားလုံး ဇူလိုင်  ၁၉ ရက်မှာ  ဆေးရုံက ဆင်းပါမယ်” ဟု

ပြည်သူ့ကျန်းမာရေးဝန်ကြီး Piyasakol Sakolsattayatorn က ဇူလိုင် ၁၃ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် အချိန်ကုန်ဆုံးရန်နှင့် မီဒီယာတွေ့ဆုံ မေးမြန်းမှုများကို ဖြေဆိုခြင်းမပြုရန် ကလေးများနှင့် ၎င်းတို့၏ မိဘများကို Sakolsattayatorn က အကြံပေးခဲ့သည်။  မီဒီယာတွေ့ဆုံမေးမြန်းမှုများသည် ကြောက်လန့်ဖွယ် ဖြစ်ရပ်ဖြစ်ပွားပြီးနောက် ကြုံတွေ့ရသည့် စိတ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်သော Post-Traumati Stress Disorder (PTSD) ကို ဖြစ်စေနိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။

လူငယ်ဘောလုံးသမားများ ပျောက်ဆုံးမှုနှင့် ဂူထဲတွင် ၎င်းတို့၏ အချိန်ကြာ နေထိုင်နိုင်မှု၊  ရဲဝံ့စွန့်စားသော ကယ်ဆယ်ရေး လုပ်ဆောင်မှုက ကမ္ဘာကို ဆွဲဆောင်နိုင်ခဲ့သည်။

ဟောလိဝုဒ်ထုတ်လုပ်သူများက ယင်းဖြစ်စဉ်ကို ဇာတ်ကားရိုက်ကူးရန် ယှဉ်ပြိုင် ကြိုးစားနေကြသည်။ မကြုံစဖူးကယ်ဆယ်ရေး မစ်ရှင်တွင် ထိုင်းနှင့် ပြည်ပမှ ရေငုပ် ကျွမ်းကျင်သူများ ပါဝင်ခဲ့သည်။ ယင်းတို့ထဲမှ အများစုက ကယ်ဆယ်ရေးမစ်ရှင် အောင်မြင်မှုအတွက် ပျော်ရွှင်အံ့အားသင့်ခဲ့ရသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

လူငယ်ဘောလုံးသမားများနှင့် နည်းပြသည် ဗြိတိန်ရေငုပ်သမားများက ရှာဖွေ

မတွေ့မီ ပထမကိုးရက်တွင်  အစားအစာမစားရဘဲ အမှောင်ထဲ၌ ပိတ်မိနေခြင်း၏ ကာလကြာသက်ရောက်မှုများကို စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သတိပေးခဲ့သည်။

ထိုင်းအာဏာပိုင်များသည် ဘောလုံးအဖွဲ့လွတ်မြောက်ရေးအတွက် ရဲဝံ့သည့် ကယ်ဆယ်ရေးမစ်ရှင်နှင့်ပတ်သက်သည့်  သတင်းအချက်အလက်အချို့ကိုသာ ထုတ်ပြန်ပေးခဲ့ပြီး လူငယ်ဘောလုံးသမားများနှင့် ၎င်းတို့၏ မိသားစုဝင်များထံ ချဉ်းကပ်မှုကို အလွန်အမင်း ကန့်သတ်ခဲ့သည်။

Most Read

Most Recent