သွေးထွက်သံယို နယ်စပ်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်

သွေးထွက်သံယို နယ်စပ်ဆန္ဒပြမှုများဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်
Published 15 July 2018

ဇူလိုင် ၁၃ ရက်တွင် အစ္စရေး၏ ဂါဇာစီးတီးနှင့် နယ်စပ်အနီး ပါလက်စတိုင်းများ၏ ဆန္ဒပြမှုကို တွေ့ရစဉ်

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမားစ်တို့ကို ဇူလိုင် ၁၄ ရက် အစောပိုင်းက လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး ပစ်သတ်ခံခဲ့ရပြီး အစ္စရေးစစ်သားတစ်ဦးအပါအဝင် လူအများအပြားဒဏ်ရာရရှိခဲ့သော နယ်စပ်တိုက်ခိုက်မှုများအပြီးတွင် အစ္စရေးက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေစဉ်မှာပင် ဂါဇာကမ်းမြောင်ဘက်မှ ပစ်လိုက်သော ရော့ကတ်နှင့်မော်တာကျည်များသည် အစ္စရေးတောင်ပိုင်းသို့ ကျရောက်ခဲ့သည်။

ဇူလိုင် ၁၃ ရက်က ဂါဇာနယ်စပ်၌ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း  အသက် ၁၅ နှစ် အရွယ် ယောကျ်ားလေးတစ်ဦး ပစ်သတ်ခံခဲ့ရပြီး ပါလက်စတိုင်း ၂၂၀ ဒဏ်ရာရရှိခဲ့သည်ဟု ဟားမားစ်တို့ အုပ်ချုပ်နေသော ဂါဇာဒေသထဲရှိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အစ္စရေးဂျက်လေယာဉ်များသည် ဂါဇာတောင်ပိုင်းနှင့် မြောက်ပိုင်း၌ရှိသည့် အကြမ်းဖက်မှုအတွက် အသုံးပြုသော ဟားမားစ်၏လိုဏ်ခေါင်းနှစ်ခုနှင့် ကမ်းရိုးတန်း နယ်နိမိတ်တစ်လျှောက်ရှိ အခြား အခြေခံ အဆောက်အအုံတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု  အစ္စရေးစစ်တပ်က Twitter တွင် ထုတ်ပြန်ခဲ့သည်။ ဗုံးကြဲခဲ့သည့် နေရာများထဲတွင် မီးကွင်းပစ်တိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်သည့်နေရာများနှင့် ဟားမားစ်၏ အကြမ်းဖက်သင်တန်း အဆောက်အအုံတစ်ခုတို့ ပါဝင်သည်ဟု သိရသည်။

ဇူလိုင် ၁၄ ရက်က နယ်စပ်လုံခြုံရေးစည်းရိုးတစ်လျှောက်တွင် ဖြစ်ပွားခဲ့သာ အကြမ်းဖက် အဓိကရုဏ်းများအတွင်းသွေး ထိုး လှုံ့ဆော်ခဲ့သည့် လုပ်ရပ်များအတွက် လက်တုံ့ပြန်ခြင်းဖြစ်သည်ဟုလည်း အစ္စရေးစစ်တပ်က ဆိုသည်။

ဟားမားစ်တို့၏ စစ်ရေးအခြေခံအဆောက်အအုံများ ပျက်စီးခဲ့သော ထိုဗုံးကြဲ တိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရသူမရှိဟု ဂါဇာမှ မျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ ယင်းဗုံးကြဲမှုများဖြစ်ပွားနေစဉ် ဂါဇာရှိ စစ်သွေးကြွများက အစ္စရေးဘက်သို့ မော်တာကျည် ၃၁ ချက်ပစ်ခတ်ခဲ့ပြီး ယင်းတို့ထဲမှ ခြောက်စင်းကို အစ္စရေး၏ Iron Drone လေကြောင်းကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချနိုင်ခဲ့သည်။ အစ္စရေးမီဒီယာများတွင် ဖော်ပြချက်အရ ဒဏ်ရာရသူ မရှိဟု သိရသည်။

အစ္စရေး၏ လေကြောင်းမှ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေနှင့် မော်တာကျည်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ဟားမားစ်ပြောခွင့်ရပုဂ္ဂိုလ် ဖော်ဇီဘာဟွန်းက ပြောကြားခဲ့သည်။

ဂါဇာဒေသအား ဆယ်စုနှစ်ပေါင်းများစွာ အစ္စရေး၏ပိတ်ဆို့ထားမှုနှင့် အစ္စရေး နိုင်ငံထူထောင်သော ၁၉၄၈ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း စွန့်ခွာထွက်ပြေးခဲ့ရသော နယ်မြေများသို့ ပြန်လာ ခွင့်ရရှိရေးတို့အတွက်  ဂါဇာထဲရှိ ပါလက်စတိုင်းတို့က ဆန္ဒပြနေကြသည်မှာ လပေါင်းများစွာရှိပြီဖြစ်သည်။

မတ် ၃၀ ရက်ကတည်းက ဂါဇာနယ်စပ်တစ်လျှောက်တွင် ဆန္ဒပြပွဲများ၊ ပဋိပက္ခများဖြစ်ပွားခဲ့ကြပြီး ယင်းဖြစ်စဉ်များအတွင်း အစ္စရေး၏ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပါလက်စတိုင်း ၁၄၀ ထက်မနည်းရှိပြီဖြစ်သည်။ အစ္စရေးအာဏာပိုင်တို့ကမူ ၎င်းတို့ နယ်စပ်ကို ကာကွယ်ရန်၊ ထိုးဖောက်စိမ့်ဝင်မှုကို ရပ်တန့်ရန်အတွက် ကျည်အစစ်သုံး နှိမ်နင်းမှုသည် မဖြစ်မနေလိုအပ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။

Most Read

Most Recent