ပေါင်ဒါကြောင့် ကင်ဆာဖြစ်ရသည့် အမှုတွင် J & J က နစ်နာကြေးဒေါ်လာ ၄ ဒသမ ၆၉ ဘီလျံပေးရန် ဂျူရီအဖွဲ့ဆုံးဖြတ်

ပေါင်ဒါကြောင့် ကင်ဆာဖြစ်ရသည့် အမှုတွင် J & J က နစ်နာကြေးဒေါ်လာ ၄ ဒသမ ၆၉ ဘီလျံပေးရန် ဂျူရီအဖွဲ့ဆုံးဖြတ်
Published 14 July 2018

(Photo - AFP)

အမေရိကန်ဆေးဝါးလုပ်ငန်းကြီး Johnson & Johnson မှ ရောင်းချသောပေါင်ဒါ တစ်မျိုး၌ ကျောက်ဂွမ်းများ ပါဝင်နေပြီး ယင်းကြောင့် ကင်ဆာဝေဒနာခံစားရသည်ဟု အမျိုးသမီး ၂၂ ဦးနှင့် ၎င်းတို့မိသားစုများက တရားစွဲခဲ့သည့်အမှုတွင် J & J သည် ဒေါ်လာ ၄ ဒသမ ၆၉ ဘီလျံနစ်နာကြေးပေး လျော်ရန် အမိန့်ချခံခဲ့ရသည်။

ယင်းသည် ပေါင်ဒါကိစ္စဖြင့် J & J အပေါ် စွဲချက်တင်ထားသည့် ထောင်နှင့်ချီသော အမှုများထဲမှ နောက်ဆုံး တစ်ခုဖြစ်လာခဲ့သည်။ ထို့ပြင် ယခုဆုံးဖြတ်ချက်သည်  J & J ရင်ဆိုင်နေရသည့် အမှုများအနက် နစ်နာကြေး အများဆုံး ချမှတ်ခံရသည့် အမှုဖြစ်လာခဲ့သည်။

စိန့်လူးဝစ်နှင့် မစ်ဇူရီတို့မှ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ခြောက်ဦးပါသောဂျူ ရီအဖွဲ့သည် သီတင်းခြောက်ပတ်ကြာ ကြားနာစစ်ဆေးမှုအပြီး ရှစ်နာရီကြာ စဉ်းစားချင့် ချိန်ပြီးနောက် တရားလိုအမျိုးသမီးများဘက်ကို အနိုင်ပေးခဲ့သည်။ J & J ဘက်မှ ပေးရမည့် နစ်နာကြေးတွင် လျော်ကြေးငွေဒေါ်လာသန်း ၅၅၀ အပါအဝင် ပြင်းထန်လှသည့် နစ်နစ်ကြေးများ ဒေါ်လာ ၄ ဒသမ ၁ ဘီလျံ ကျော် ပါဝင်သည်။

ထိုပေါင်ဒါကို တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အသုံးပြုခဲ့ခြင်းကြောင့် သားဥအိမ်ကင်ဆာကို ဖြစ်ပွားစေသည်ဟုတရားလို ဘက်မှဆိုသည်။ “Johnson & Johnson  ဟာ သူတို့ရဲ့ကုန်တွေထဲမှာ ကျောက်ဂွမ်းပါဝင်တဲ့ အကြောင်းကို နှစ် ၄၀ ကျော်ကြာဖုံးကွယ်ထားခဲ့ပါတယ်” ဟု တရားလိုရှေ့နေ မာလာနီယာက ပြောကြားသည်။

J & J ဘက်ကမူ ယင်းသည်အလွန်စိတ်ပျက်စရာ ဆုံးဖြတ်ချက်ဟု တုံ့ပြန်ခဲ့သည်။ ထို့ပြင်၎င်းတို့၏ ပေါင်ဒါထဲတွင် မည်သည့် ကျောက်ဂွမ်း သို့မဟုတ် သားဥအိမ်ကင်ဆာ ဖြစ်စေသည့် အရာတစ်ခုမှ မပါဝင်ဟုလည်း ဆိုခဲ့သည်။ J & J အပေါ် အခြားသော အလားတူ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယမန်နှစ်အောက်တိုဘာတွင်မူ လော့စ်အိန်ဂျလိစ်ရှိ အယူခံတရားရုံးသည် J & J အပေါ် ချမှတ်ခဲ့သော နစ်နာကြေးဒေါ်လာ ၄၁၇ သန်းပေးရန် ဂျူရီဆုံးဖြတ်ချက်ကို ပယ်ချပေးခဲ့ပြီး တရားလိုဘက်မှ စွပ်စွဲမှုများသည် မပြည့်စုံ၊ မတိကျဟုဆိုခဲ့သည်။

Ref ; AFP

Most Read

Most Recent