ကင်ဂျုံအွန်ထံမှ အလွန်ကောင်းမွန်သည့် စာတစ်စောင်ရရှိဟု ထရန့်က ထုတ်ဖော်ပြောကြား

ကင်ဂျုံအွန်ထံမှ အလွန်ကောင်းမွန်သည့် စာတစ်စောင်ရရှိဟု ထရန့်က ထုတ်ဖော်ပြောကြား
Published 14 July 2018

ဇူလိုင် ၆ ရက်တွင် မြောက်ကိုရိးယားခေါင်းဆောင် ကင်ဂျုံအွန်က ထရန့်သို့ ပေးပို့ခဲ့သော စာ (ကိုရိးယားဘာသာဖြင့် -ဝဲပုံ) နှင့် (အင်္ဂလိပ်ဘာသာပြန်-ယာပုံ) တို့ကို ပေါင်းစပ်ထားစဉ် (Photo - AFP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကင်ဂျုံအွန်ထံမှ စာတစ်စောင်ရရှိသည့်အကြောင်း ဇူလိုင် ၁၂ ရက်က Twitter ၌ ရေးသားခဲ့ခြင်းဖြင့် မြောက်ကိုရီးယား နျူကလီးယားအရေးနှင့်ပတ်သက်၍ ကြိုးပမ်းနေမှုများအပေါ် အကောင်းမြင်စိတ်ရှိနေသေးသည့်အကြောင်း နောက်တစ်ကြိမ် ထပ်မံအချက် ပြခဲ့သည်။

စာပိုဒ်လေးပိုဒ်ပါဝင်ပြီး မြူးမြူးကြွကြွ ပျော်ပျော်ရွှင်ရွင်ပုံစံဖြင့် ရေးသားထားသော ကင်ဂျုံအွန်၏ယခုစာတွင် ဇူလိုင် ၆ ရက် နေ့စွဲတပ်ထားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးမိုက်ပွန်ပီယိုသည်လည်း မကျေလည်သေးမှုများကို ဆွေးနွေးရန် ထိုဇူလိုင် ၆ ရက်ကပင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ စာထဲ၌ ကင်ဂျုံ အွန်က အနာဂတ်သစ်တစ်ခုကို မျှော်လင့်ကြောင်းနှင့် ထရန့်အပေါ် ၎င်းဘက်မှ မပြောင်းလဲသည့် ယုံကြည်မှုရှိသည့်အကြောင်းတို့ကို ရေးသားထားခဲ့သည်။

“မြောက်ကိုရီးယားဥက္ကဋ္ဌကြီး ကင်ဂျုံ အွန်ထံကရတဲ့ အလွန်ကောင်းမွန်တဲ့ စာတစ်စောင်ပါ။ ကြီးကျယ်တဲ့တိုးတက်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ထရန့်က Twitter ပေါ်၌ ရေးသားခဲ့ပြီး စာမိတ္တူကိုလည်း တွဲတင်ခဲ့သေးသည်။

ပူးတွဲထုတ်ပြန်ချက်တစ်ခု ထုတ်နိုင်ခဲ့သော ဇွန် ၁၂ ရက် စင်ကာပူထိပ်သီး အစည်းအဝေးကိုလည်း ကင်က ‘အဓိပ္ပာယ်ရှိသော ခရီးတစ်ခု၏ အစ’ ဟု ဖော်ညွှန်းခဲ့သည်ဟု သိရသည်။ “ခိုင်မာတဲ့စိတ်ဓာတ်၊ စစ်မှန်တဲ့ ကြိုးပမ်းမှုတို့နဲ့အတူ အမေရိကန်နဲ့မြောက်ကိုရီးယားတို့ ယုံကြည်ထားကြတဲ့အနာဂတ်သစ်ကို လမ်းပွင့်စေဖို့ ကျွန်တော်နဲ့ ဂုဏ်သရေရှိ  သမ္မတကြီးတို့ရဲ့ သူမတူတဲ့ ချဉ်းကပ်မှုတွေအပေါ် ခိုင်ခိုင်မာမာ ယုံကြည်မှုရှိပါတယ်” ဟု ကင်က ရေးသားထားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်၊ ပူးတွဲထုတ်ပြန်ချက်ကို ယုံယုံကြည်ကြည် အကောင်အထည်ဖော်ရန် ထရန့်၏အလွန်ထူး ကဲတက်ကြွသည့် ကြိုးပမ်းမှုများအတွက် နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ကြောင်းလည်း ကင်က ဆိုခဲ့သည်။ ထို့ပြင် ကင်၏ စာထဲ၌ ထရန့်သည် လက်တွေ့ကျသည့် လုပ်ရပ်များဖြင့် အနာဂတ်လုပ်ငန်းစဉ်များအား ပိုမိုခိုင်မာစေရန် လုပ်ဆောင်လိမ့်မည်ဟု ပြောင်းလဲမှုမရှိဘဲ ယုံကြည်သည့်အကြောင်းလည်း ထည့်သွင်းရေးထားခဲ့သည်။

ပွန်ပီယိုသည် နှစ်ရက်ကြာမြင့်ခဲ့သော ၎င်း၏ မြောက်ကိုရီးယားခရီးစဉ်အတွင်း ဆွေးနွေးမှုများမှာ တိုးတက်မှုရှိခဲ့ပြီးကောင်းမွန်သည့် ယုံကြည်မှုဖြင့်လုပ်ဆောင်နေကြောင်း ပြောကြားသွားခဲ့သည်။ သို့သော် ပွန်ပီယို ပြန်သွားပြီးနာရီပိုင်းအကြာမှာပင် မြောက်ကိုရီးယားထံမှ ဆန့်ကျင်ဘက်ထုတ် ပြန်ချက်တစ်ခုထွက်လာခဲ့သည်။ ယင်းထုတ်ပြန်ချက်၌ အမေရိကန်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို လူဆိုးဂိုဏ်းသဖွယ် တစ်ဖက်သတ် တောင်းဆိုမှုများဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်အား ထိခိုက်စေခဲ့သည်ဟု သတိပေးခဲ့သည်။

အမေရိကန်နှင့်ဆွေးနွေးပွဲသို့ မရောက်လာ          ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်းက သေဆုံးခဲ့သော အမေရိကန်စစ်သားများ၏ ရုပ်ကြွင်းများကို ပြန်လွှဲပေးရေးအတွက် ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ဆွေးနွေးပွဲသို့ မြောက်ကိုရီးယားဘက်မှ  အရာရှိများမရောက်လာဟု သိရသည်။

ပင်တဂွန်မှ အဖွဲ့နှင့် မြောက်ကိုရီးယားတို့ ဇူလိုင် ၁၃ ရက်ဝန်းကျင်တွင် ကိုရီးယား နှစ်နိုင်ငံနယ်စပ်၌ ဆွေးနွေးရန် စီစဉ်ထားသော်လည်း မြောက်ကိုရီးယားတို့သည် ထိုနေ့မွန်းလွဲပိုင်းသို့ရောက်မှဖုန်းခေါ်ပြီး ဆွေး နွေးပွဲကို ဇူလိုင် ၁၅ ရက် အထိ ရွှေ့ဆိုင်းလိုက်သည်ဟု ပြောခဲ့သည်ဟု သိရသည်။

Ref; AFP

Most Read

Most Recent