တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တပ်ဖွဲ့ဝင် အများအပြား သေဆုံး

တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန်တပ်ဖွဲ့ဝင် အများအပြား သေဆုံး
Published 13 July 2018

ဇူလိုင် ၁၀ ရက်တွင် ကဘူးမြို့ပြင်ရှိ ယာယီစစ်ဆေးရေးဂိတ်တစ်ခု၌ အာဖဂန်စစ်သားများကို တွေ့ရစဉ် (Photo: AP)

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ညကြည့်မျက်မှန်များ အသုံးပြုသည့် စစ်သွေးကြွများသည် ကန်ဒုပြည်နယ်၊ ဒါရှတေအာချီခရိုင်ရှိ အာဖဂန်စစ်အခြေစိုက်စခန်းများနှင့် စခန်းအများအပြားကို ညတွင်းချင်း တစ်ပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မိုဟာ မက်ရက်ဒ်မန်နစ်ရှ်နှင့် အာဖဂန်လုံခြုံရေး သတင်းရင်းမြစ်များက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဘက်က သေကျေဒဏ်ရာရမှုတွေ ရှိတယ်။ တာလီဘန်တွေလည်း သေကျေဒဏ်ရာရခဲ့တယ်” ဟု ရက်ဒ်မန်နစ်ရှ်က ပြောကြားခဲ့သည်။

အာဖဂန်စစ်သား ၁၀ ဦးနှင့် ၁၅ ဦးအကြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူသည်လည်း ယင်းအရေအတွက်နီးပါးရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ အာဖဂန်လုံခြုံရေး သတင်းရင်းမြစ်တစ်ဦးကမူ လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးမှုနှုန်းသည် ၄၀ ကျော်ရှိသည်ဟု ပြောကြားခဲ့သည်။ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးကမူ ၃၉ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။

တာလီဘန် နှိမ်နင်းသည့် ဝေဟင်နှင့် မြေပြင်စစ်ဆင်ရေးကို လုပ်ဆောင်နေဆဲဟု ရက်ဒ်မန်နစ်ရှ်က ပြောကြားခဲ့သည်။ ညကြည့်မျက်မှန်များသည် တာလီဘန် တိုက်ခိုက်ရေးသမားများ၏ အရုဏ်မတက်မီ တိုက်ခိုက်မှုကို အထောက်အကူပြုခဲ့သည်ဟု အာဖဂန်တပ်မှူးတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများကို တာလီဘန်အဖွဲ့၏ လက်ရွေးစင် Red Unit တပ်ဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ ညကြည့်မျက်မှန်တွေ မရှိတဲ့အတွက် တာလီဘန်တွေက စစ်သားတွေကို အနီးကပ် တိုက်ခိုက်နိုင်ခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

စစ်စခန်းနှစ်ခုသည် တာလီဘန်လက်အောက် ကျရောက်ခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စစ်အခြေစိုက်စခန်းတစ်ခုအား တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်ဟု မြောက်ပိုင်းရှိ 209 Shaheen ကြည်းတပ် တပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် မိုဟာမက်ဟာ နစ်ဖ်ရီဇာယီက ပြောကြားခဲ့သည်။

သီးခြားတိုက်ခိုက်မှုတစ်ခုအဖြစ် အာဖဂန်တပ်ဖွဲ့ဝင်များသည် အရှေ့တောင်ပိုင်းပြည်နယ် ဂါဇနီတွင် ရာထူးကြီး တာလီဘန် အဖွဲ့ဝင်များစုဝေးမှုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ၂၄ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင် ၁၉၉၆-၂၀၀၁ ခုနှစ် တာလီဘန်အစိုးရလက်ထက်အတွင်း တာလီဘန်ဝန်ကြီးတစ်ဦး ဖြစ်ခဲ့သည့် မူလာအာမီရာခန်မူတာကီ ပါဝင်သည်ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: AFP

Most Read

Most Recent