<

1MDB အရှုပ်တော်ပုံတွင် အခရာကျနေသည့် နာဂျစ်၏ အနီးကပ်မိတ်ဆွေ တရုတ်သို့ ထွက်ပြေး

ဧပြီ ၄ ရက်တွင် ကွာလာလမ်ပူ၌ ဆန္ဒပြမှုတစ်ခုတွင် ဂျိုလိုးအား ပင်လယ်ဓားပြတစ်ဦးအဖြစ် သရုပ်ဖော်ထားသော ပုံများကို ကိုင်ဆောင်ထားစဉ် (Photo: AP)

အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ရင်ဆိုင်နေရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏အစိုးရကို ဖြုတ်ချရန် အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်စေခဲ့သည့် ဧရာမဘဏ္ဍာရေး အရှုပ်တော်ပုံတွင် အခရာကျသော နာဂျစ်၏ အနီးကပ်မိတ်ဆွေ ဂျိုလိုးသည် တရုတ်သို့ ထွက်ပြေးလာဖွယ်ရှိသည်ဟု South China Morning Post သတင်းစာက ဇူလိုင် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

မလေးရှားအစိုးရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB အား လွှမ်းခြုံနေသော အရှုပ်တော်ပုံတွင် အဓိကပုဂ္ဂိုလ်ဖြစ်သည့် ဂျိုလိုးသည် တရုတ်၏ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများဖြစ်သည့် ဟောင်ကောင်နှင့် မကာအိုတို့မှတစ်ဆင့် ပြည်မကြီး တရုတ်သို့ သွားရောက်ခဲ့သည်ဟု ယူဆထားကြသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သော နာဂျစ်၏ အနီးကပ်လက်ထောက်ဖြစ်သူ ဂျိုလိုးသည် 1MDB မှ ငွေများကို ခိုးယူရန် နာဂျစ်နှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဂျိုလိုးသည် ယခုအခါ ပြည်မကြီးတရုတ်တွင် ရောက်ရှိနေကြောင်း သံသယ၀င်စရာ မလိုကြောင်း မကာအိုမှ လုံခြုံရေး သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ကြောင်း South China Morning Post က ကိုးကားဖော်ပြခဲ့သည်။ ယင်းအတွက်ကြောင့် ဂျိုလိုးသည် မကာအိုသို့ ဦးစွာသွားရောက်ခဲ့ရသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

ကာစီနိုဗဟိုချက် မကာအိုမှ အာဏာပိုင်များက အမည်အပြည့်အစုံ Low Taek Jho ဟု အမည်ရသူသည် အတိအကျ မသိရသော နေရာတစ်ခုသို့ ထွက်ခွာသွားကြောင်း မလေးရှားအစိုးရထံ အီးမေးလ်မှတစ်ဆင့် အကြောင်းကြားလာသည်ဟု မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး တန်ဆရီမိုဟာမက်ဖူဇီဟာရန်က ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်ဟု မလေးရှားအစိုးရသတင်းအေဂျင်စီ Bernama က ဖော်ပြခဲ့သည်။ အသက် ၃၆ နှစ်ရှိ ဂျိုလိုးအား ဖမ်းဆီးနိုင်ရန် မလေးရှားအစိုးရက ကြိုးပမ်းနေကြောင်း ၀န်ကြီးချုပ်သစ် မဟာသီယာမိုဟာမက်က ပြီးခဲ့သောလတွင် ပြောကြားခဲ့သည်။

နာဂျစ်နှင့် ၎င်း၏ခရိုနီများသည် 1MDB မှ ဒေါ်လာဘီလျံများစွာအား ခိုးယူခဲ့ကြောင်း စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီး ပြည်သူများ၏ ဒေါသထွက်မှုသည် ကာလရှည်ကြာ အာဏာချုပ်ကိုင်ခဲ့သော နာဂျစ်၏အာဏာရမဟာမိတ်ပါတီက ပြီးခဲ့သောရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရသည့် အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့သည်။ ဂျိုလိုးသည် 1MDB အား ထူထောင်နိုင်ရန် ကူညီပေးခဲ့ဖွယ်ရှိပြီး ဒေါ်လာဘီလျံများစွာ ခိုးယူမှုအစီအစဉ်တွင်လည်း ပါဝင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ဂျိုလိုးသည် 1MDB တွင် မည်သည့် ရာထူးမှ မယူထားသော်လည်း သြဇာလွှမ်းမိုးခဲ့သည်ဟု ယူဆရသည်။ 1MDB မှ ထိပ်တန်းတာဝန်ရှိသူများနှင့် ၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြား ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ကို ခိုးယူခဲ့သည်ဟု အမေရိကန်က စွပ်စွဲထားသည်။ 1MDB မှ ခိုးယူထားသောငွေများဖြင့် အနုပညာလက်ရာများ၊ ပေ ၃၀၀ ရှည်သော ဇိမ်ခံရွက်လှေကဲ့သို့ တန်ဖိုးကြီးပစ္စည်းများကို ၀ယ်ယူခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဂျိုလိုးသည် ပါရီဟီလ်တန်၊ လီယိုနာဒိုဒီကာပရီယိုကဲ့သို့ ဟောလိဝုဒ်မှ ထင်ရှားသူများနှင့်အတူ ပါတီပွဲအတူနွှဲခဲ့ဖူးပြီး နယူးယောက်တွင် ပါတီပွဲများ၌ ငွေအမြောက်အမြား သုံးစွဲခဲ့သူလည်း ဖြစ်သည်။

Ref: AFP

July 12, 2018














Copy Protected by Chetan's WP-Copyprotect.