ထိုင်းကလေးများအား ကယ်ထုတ်နိုင်ခဲ့သည့်ဂူကို ပြတိုက်အဖြစ် ပြောင်းလဲရန် စီစဉ်နေ

ထိုင်းကလေးများအား ကယ်ထုတ်နိုင်ခဲ့သည့်ဂူကို ပြတိုက်အဖြစ် ပြောင်းလဲရန် စီစဉ်နေ
Published 13 July 2018

ထိုင်းရေတပ်က ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဗီဒီယိုမှ ရယူထားသော ဓာတ်ပုံတွင် ပိတ်မိနေသည့် ကလေးတစ်ဦးအား ကယ်ထုတ်လာမှုကို တွေ့ရစဉ် (Photo: AFP)

ရေလွှမ်းနေသော ထိုင်းဂူတစ်ခု၏ အတွင်းပိုင်းမှ လူငယ်ဘောလုံးအသင်းကို ကယ်ဆယ်ရေးက အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းခွင်ကို ဇူလိုင် ၁၂ ရက်တွင် ပြန်လည်ဖျက်သိမ်းနေပြီဖြစ်သည်။ စွန့်စားရသော ထိုကယ်ဆယ်မှုအား ဂုဏ်ပြုသည့်အနေဖြင့် ထိုဂူအား ပြတိုက်တစ်ခုအဖြစ် အသွင်ပြောင်းရန် အစီအစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

ထိုင်းတာဝန်ရှိသူများက ဇူလိုင် ၁၁ ရက် ညတွင် ထုတ်ပြန်ခဲ့သော ရင်သပ်ရှုမောဖွယ် ကယ်ဆယ်ရေးဗီဒီယိုတွင် အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ်များအား ဘေးကင်းစွာ ကယ်ထုတ်လာမှုကို မြင်တွေ့ခဲ့ရသည်။ ကယ်ထုတ်ခံခဲ့ရသော ထိုကလေးများသည် ဆေးရုံခုတင်များပေါ်မှ ပြုံးပျော်စွာ နှုတ်ဆက်နေသည်ကိုလည်း အခြားဗီဒီယိုအပိုင်းတွင် တွေ့ခဲ့ရသည်။ မှောင်မည်းပြီး ကျဉ်းမြောင်းသော ထိုဂူထဲတွင် နှစ်ပတ်ကျော်ကြာ နေထိုင်ခဲ့ရသော ထိုကလေးများအား မည်သည့်ရောဂါမျှ မကူးစက်စေရန် သေချာသည်အထိ ၎င်းတို့အား ဆေးရုံတွင် သီးခြားခွဲထားမည်ဖြစ်သည်။

ပိတ်မိနေသူများက ၁၈ ရက်ကြာ တုန်လှုပ်ဖွယ် အခြေအနေ ကြုံခဲ့ရသော Tham Luang ဂူ၏အပေါက်ဝတွင် ကယ်ဆယ်ရေး လုပ်ဆောင်စဉ်အတွင်း အသုံးပြုခဲ့ကြသည့် စက်မှုလုပ်ငန်းသုံး ရေစုပ်စက်များ၊ အဆင့်မြင့်ယန္တရားကြီးများနှင့် ဆောက်လုပ်ရေးပစ္စည်းများအား အလုပ်သမားများက ဇူလိုင် ၁၂ ရက်တွင် ပြန်လည်သိမ်းဆည်းနေကြပြီ ဖြစ်သည်။ အံ့သြစရာကောင်းသော ကယ်ဆယ်ရေးအတွင်း အသုံးပြုခဲ့သော အဝတ်အစားများနှင့် ကိရိယာများကို ပြသသည့် ပြတိုက်တစ်ခုအဖြစ် ထိုဂူအား အသွင်ပြောင်းသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေးအကြီးအကဲနှင့် ချင်းရိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆော့တာနာကွန်းက ပြောကြားခဲ့သည်။

ထိုနေရာသည် ထိုင်းနိုင်ငံတွင် နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသောနေရာ တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားများက လာရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇွန် ၂၃ ရက်တွင် ဂူထဲတွင် စတင်ပိတ်မိခဲ့သော ထိုအဖွဲ့အား ကယ်ထုတ်ရန်ကြိုးပမ်းမှုအတွင်း ကမ္ဘာတစ်ဝန်းမှ ကျွမ်းကျင်ပညာရှင်များစွာ သွားရောက်အကူအညီပေးခဲ့ကြပြီး ဂူထဲမှ ရေစုပ်ထုတ်ခဲ့သည့်ပမာဏသည် အိုလံပစ်ရေကူးကန်အရွယ် ၅၀ ကျော်မှ ရေများနှင့် ညီမျှသည်။ ထိုကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို သတင်းယူရန် ဂျာနယ်လစ် ၁၀၀၀ ကျော်ကလည်း စုဝေး စောင့်ဆိုင်းခဲ့ကြသည်။ ထိုကယ်ဆယ်မှုအား နိုင်ငံတကာ၏ စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး စာအုပ်များနှင့် ဇာတ်ကားများ ထုတ်လုပ်ရန်လည်း ပြင်ဆင်နေကြပြီဖြစ်သည်။

ထိုင်းနိုင်ငံတွင် နေထိုင်ပြီး ချင်းရိုင်ရှိ ထိုဂူသို့ သွားရောက်ခဲ့သည့် Pure Filx ထုတ်လုပ်ရေးလုပ်ငန်း စီမံခန့်ခွဲရေး မိတ်ဖက်ဖြစ်သူ မိုက်ကယ်စကော့က ၎င်းတို့၏ ကုမ္ပဏီသည် ထိုကယ်ဆယ်ရေးအား ကမ္ဘာတစ်ဝန်းမှ လူသန်းပေါင်းများစွာကို လှုံ့ဆော်ပေးနိုင်သည့် ဇာတ်ကားအဖြစ် ဖန်တီးရန် စီစဉ်နေကြောင်း ပြောကြားသည့် ဗီဒီယိုကို Twitter တွင် တင်ခဲ့သည်။

Ref: AFP

Most Read

Most Recent