ဂျပန်ရေကြီးမှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ

ဂျပန်ရေကြီးမှုကြောင့် သေဆုံးသူ ၂၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေ
Published 13 July 2018

ဇူလိုင် ၁၂ ရက်တွင် အိုကာယာမာစီရင်စု၌ ရေလွှမ်းမှုကြောင့် အပျက်အစီးများကို ရှင်းလင်းနေစဉ် (Photo: AFP)

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးမြေပြိုမှုများကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် ဂျပန်ကယ်ဆယ်ရေး အလုပ်သမားများသည် ဇူလိုင် ၁၂ ရက်တွင် ပျောက်ဆုံးနေသူ အများအပြားကို အပျက်အစီးပုံများအတွင်း၌ ရှာဖွေနေကြသည်။

လူ ၆၀ နီးပါးခန့် ပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူများကို တစ်အိမ်ချင်းစီ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

“အရေးကြီးတဲ့ ၇၂ နာရီကို ကျော်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ အသက်ရှင်နေသူတွေ ရှိနိုင်သေးတယ်လို့ ယုံကြည်မှုနဲ့ ရှာဖွေမှုကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု အိုကာယာမာစီရင်စုမှ မူဆူနာရီအီ မာဝါကာက ပြောကြားခဲ့သည်။ အိုကာယာ မာစီရင်စုသည် ရေကြီးမှုကို အဆိုးဆုံးခံခဲ့ရသော ဒေသဖြစ်ပြီး ထိုစီရင်စု တစ်ခုတည်းမှာပင် လူ ၁၈ ဦး ပျောက်ဆုံးနေသည်။

ပျောက်ဆုံးနေသူများကို ရှာဖွေရန်အတွက် ကယ်ဆယ်ရေးအလုပ်သမားများသည် အပျက်အစီးပုံများကို တူးဆွရှာဖွေနေမှုအား ရုပ်သံများတွင် ပြသခဲ့သည်။ ယခုတစ်ကြိမ်ဖြစ်ပွားခဲ့သော ရေကြီးမှုသည် ဂျပန်တွင် ဆယ်စုနှစ် သုံးခုကျော်အတွင်း ရာသီဥတုနှင့် ဆက်နွှယ်သည့် အဆိုးဆုံး သဘာဝဘေးဖြစ်သည်။ သေဆုံးသူ အရေအတွက် များပြားခြင်းကြောင့် အာဏာပိုင်များ၏ ကြိုတင်ပြင်ဆင်မှုများနှင့် ပတ်သက်ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။ သဘာဝဘေးစီမံခန့်ခွဲမှု မူဝါဒများကို ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟီဒေဆူဂါက ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

Ref: AFP

Most Recent