စင်ကာပူတွင် ဆေးလိပ်ခိုးသောက်သူများကိုဖမ်းရန် အပူအာရုံခံကင်မရာများ တပ်ဆင်မည်

စင်ကာပူတွင် ဆေးလိပ်ခိုးသောက်သူများကိုဖမ်းရန် အပူအာရုံခံကင်မရာများ တပ်ဆင်မည်
Published 12 July 2018

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် စင်ကာပူ၌ နေ့လယ်စားစားချိန်တွင် အမျိုးသမီးတစ်ဦး ဆေးလိပ်သောက်နေစဉ် (Photo: Reuters)

စင်ကာပူတွင် အစိုးရသည် တရားမဝင် ဆေးလိပ်သောက်သုံးသူများကို ဖမ်းဆီး၊ ဒဏ်ကြေးချမှတ်ရန်အတွက် အပူကို အာရုံခံနိုင်ပြီး ကြည်လင်ပြတ်သားမှု မြင့်မားသည့် ကင်မရာ အလုံး ၃၀၀ ကို စတင်တပ်ဆင်ရန် ပြင်ဆင်နေသောကြောင့် စင်ကာပူ၌ ဆေးလိပ်သောက်ရန် အခွင့်အရေးမှာ ပိုမိုတင်းကျပ်လာတော့မည်ဖြစ်သည်။

စင်ကာပူသည် ယခင်ကတည်းက ကမ္ဘာ့အပြင်းထန်ဆုံး ဆေးရွက်ကြီးဆန့်ကျင်ရေး ဥပဒေများရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ စင်ကာပူတွင် စည်းကမ်းချိုးဖောက်ပြီး ဆေးလိပ်သောက်သုံးမိသူတစ်ဦးသည် ဖမ်းမိခံရပါက စင်ကာပူ ဒေါ်လာ ၁၀၀၀ (အမေရိကန် ဒေါ်လာ ၇၄၀) ချမှတ်ခံရမည်ဖြစ်သည်။ ဆေးလိပ်အပြင် အီးစီးကရက်များလည်း စင်ကာပူတွင် လုံးဝပိတ်ပင်ထားသည်။

လက်ရှိတွင် စင်ကာပူအာဏာပိုင်များသည် ဆေးလိပ်မသောက်ရနေရာများ၌ မီးညှိထားသော ဆေးလိပ်ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်များအား ရှာဖွေထောက်လှမ်းနိုင်သော အဆင့်မြင့် အပူအာရုံခံကင်မရာများ တပ်ဆင်ရန် စီစဉ်နေပြီဖြစ်သည့် အကြောင်း စထရိတ်တိုင်းမ် သတင်းစာတွင် ဖော်ပြခဲ့သည်။

ထိုသတင်းစာတွင် ဖော်ပြချက်အရ ထိုကင်မရာများကို စင်ကာပူနိုင်ငံတစ်လွှားရှိ လူနေဧရိယာများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် တပ်ဆင်သွားမည်ဟု သိရသည်။ ထို့ပြင် ယင်းကင်မရာများသည် တံတွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်းအစရှိသည့် ကျန်းမာရေးနှင့် မညီညွတ်သော အခြားစည်းကမ်းမဲ့ အပြုအမူများကိုလည်း ဖမ်းနိုင်သည့် အရည်အသွေး ရှိနေသည်။

စင်ကာပူနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုကို လျော့ကျစေရန် နိုင်ငံအဆင့် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆေးရွက်ကြီးဆန့်ကျင်သည့် ဥပဒေကို ၁၉၇၀ ပြည့်လွန်နှစ်များက စတင် မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် ဆေးလိပ်သောက်မှုကို ပိတ်ပင်သည့် အများပြည်သူနှင့် သက်ဆိုင်သော နေရာအရေအတွက်မှာ ကျယ်ပြန့်လာခဲ့ပြီး ယင်းနေရာများတွင် တက္ကသိုလ်ကျောင်းဝင်းများနှင့် လူနေတိုက်ခန်း အဆောက်အအုံ ဝန်းကျင်နေရာတို့ ပါဝင်သည်။

စင်ကာပူတွင် ကိုယ်ပိုင်ကားများ၌ ဆေးလိပ်သောက်သုံးခြင်းကိုမူ ခွင့်ပြုထားသည်။ သို့သော် ဆေးလိပ်သောက်သုံးနေစဉ် ကားပြတင်းမှန်ကို ချလိုက်ပါက တရားဥပဒေနှင့် ငြိစွန်းသွားမည်ဖြစ်သည်။

စင်ကာပူတွင် အများပြည်သူကို ဂီတတူရိယာတစ်မျိုးမျိုးဖြင့် နှောင့်ယှက်ခြင်း၊ အများသုံးသန့်စင်ခန်းတွင် ရေမဆွဲချခြင်းတို့ အပါအဝင် ထူးဆန်းသည့် ပြစ်မှုများအတွက် ကြီးလေး၊ များပြားသော ပြစ်ဒဏ်များချမှတ်ခြင်းကြောင့် ‘Very Fine City’ ဟု စကားလုံးများကို အမှတ်တရ လက်ဆောင်တီရှပ်များတွင် ဟာသလုပ်၍ ဖော်ပြရိုက်နှိပ်ကြလေ့ ရှိသည်။

Ref: AFP

Most Read

Most Recent