<

အင်အားပြင်း တိုင်ဖွန်းမာရီယာအတွက် ထိုင်ဝမ်တွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

တိုင်ဖွန်း မာရီယာမ၀င်ရောက်မီ ဇူလိုင် ၁၀ ရက်တွင် ကီးလန်းရှိ Patoutzu ဆိပ်ကမ်း၌ ငါးဖမ်းလှေများကို ကမ်းကပ်ထားစဉ် (Photo – AFP)

တိုင်ဖွန်းမာရီယာ ချဉ်းကပ်လာသည့်အတွက် လေပြင်းမုန်တိုင်းများ ပြင်းထန်စွာ တိုက်ခတ်နေသော ထိုင်ဝမ်တွင် ဇူလိုင် ၁၀ ရက်က ကျောင်းများ၊ ရုံးများပိတ်ပြီး လေကြောင်းခရီးစဉ်များကိုလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

တိုင်ဖွန်းမာရီယာသည် ဒေသစံတော် ချိန် နံနက် ၁၀ နာရီက ထိုင်ဝမ်အရှေ့မြောက်ပိုင်းရှိ ကမ်းရိုးတန်းမြို့ယီလန်၏  အရှေ့ဘက် ကီလိုမီတာ ၅၀၀ ( ၃၁၀ မိုင်) အကွာတွင် ရှိနေပြီး တစ်နာရီလေတိုက်နှုန်း ကီလိုမီတာ ၁၉၀ နှင့်အထက်ရှိနေသည်ဟု မိုးလေ၀သဌာနက ထုတ်ပြန်ခဲ့သည်။

တိုင်ဖွန်း၏ သက်ရောက်မှုသည် ဇူလိုင် ၁၀ ရက်နှောင်းပိုင်းနှင့် ၁၁ ရက် အစောပိုင်းတို့တွင် အပြင်းထန်ဆုံးဖြစ်လိမ့်မည်ဖြစ်ပြီး အချို့ဒေသများတွင် မိုးရေချိန် မီလီမီတာ ၅၀၀ ( ၁၉ ဒသမ ၇ လက်မ) အထိရွာသွန်းလိမ့်မည်ဟု မိုးလေ၀သ ခန့်မှန်းချက်အရ သိရသည်။ အစိုးရအရာရှိများကမူ ရေကြီးမှု၊ ရွှံ့မြေပြိုမှုများဖြစ်လာနိုင်သည်ဟု သတိပေးထားသည်။

ဇူလိုင် ၁၀ ရက်တွင် လှိုင်းကြီးမှုဒဏ်ကို ခံရမည့် ယီလန်မြို့အပါအ၀င် မြို့ငါးမြို့၌ ကျောင်းများ၊ ရုံးများပိတ်မည်ဖြစ်ကြောင်း ထိုင်ဝမ်အာဏာပိုင်များက ကြေညာခဲ့သည်။

ရုပ်သံသတင်းများထဲ၌ ယီလန်ဒေသထဲမှ လယ်သမားများသည် ကြက်သွန်မြိတ် စိုက်ခင်းများသို့ အပြေးအလွှားသွားရောက်နေသည်ကို တွေ့ခဲ့ရသည်။ ကြက်သွန်မြိတ်သည် ယီလန်၏ အထင်ရှားဆုံးထုတ်ကုန် ဖြစ်သည်။ ကမ်းရိုးတန်းမှ ငါးဖမ်းသမားများမှာလည်း မုန်တိုင်းမလာမီ ငါးဖမ်းလှေများကို လုံခြုံအောင် လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။ အစွန်အဖျားရှိ အခြားကျွန်းများနှင့် ဆက်သွယ်ပေးသည့် ကူးတို့သင်္ဘောပြေးဆွဲမှုကိုမူ လွန်ခဲ့သည့် တစ်ရက်ကတည်းက ရပ်နားထားလိုက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်၏ UNI လေကြောင်းလိုင်းသည် ဇူလိုင် ၁၀ ရက်က ပြည်တွင်း လေကြောင်းခရီးစဉ် ၇၀ ၀န်းကျင်ကို ဖျက်သိမ်းခဲ့သည်။ အခြားလေကြောင်းလိုင်းနှစ်ခုကလည်း ဂျပန်မှ အိုကီနာဝါကျွန်းသို့သွားသည့် လေကြောင်းခရီးစဉ်များအား ဖျက်လိုက်ကြသည်။ ဟောင်ကောင်မှ Cathay  Pacific လေကြောင်းလိုင်းကလည်း ဟောင်ကောင် နှင့် တိုင်ပေ၊ ဟောင်ကောင်နှင့် အိုကီနာဝါသို့ ပျံသန်းသော လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို  ဇူလိုင် ၁၀ ရက်နှင့် ၁၁ ရက်တို့အတွင်း ဖျက်သိမ်းလိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်ဝန်ကြီးချုပ် ၀ီလျံလိုင်က တိုင်ဖွန်းမာရီယာသည် ယခုနှစ်ရာသီအတွင်း ထိုင်ဝမ်သို့ ပထမဆုံးဝင်သော တိုင်ဖွန်းဖြစ်သဖြင့် သတိရှိရှိနေကြရန် ပြည်သူများနှင့် ဒေသခံအာဏာပိုင်များကို သတိပေးခဲ့သည်။ ပြည်သူများကိုလည်း နေအိမ်ထဲမှာပင် နေထိုင်ပြီး အစိုးရ၏ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစီမံကိန်းများအား ပူးပေါင်းလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

တိုင်ဖွန်းသည် လက်ရှိလမ်းကြောင်း အတိုင်းဆက်သွားမည်ဆိုပါက ထိုင်ဝမ်သို့ တိုက်ရိုက်ထိမည်မဟုတ်ဘဲ ထိုင်ဝမ်မြောက်ပိုင်းသို့သာ လျှပ်၍ ထိနိုင်မည်ဟု မိုးလေ၀သဌာနက ခန့်မှန်းထားသည်။

ထိုင်ဝမ်သည် နွေရာသီကာလအတွင်း တိုင်ဖွန်းဒဏ်ကို မကြာခဏ ခံစားရလေ့ရှိသည်။ ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်သို့ တိုင်ဖွန်းနီဆက် ၀င်ရောက်တိုက်ခတ်ခဲ့ရာ ရေကြီးမှုများ ဖြစ်ပေါ်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိခဲ့သည်။

Ref ; AFP

July 10, 2018














Copy Protected by Chetan's WP-Copyprotect.