အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မျှော်လင့်ချက်ရှိသည်ဟု ပွန်ပီယို ပြောကြား

အာဖဂန်ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် မျှော်လင့်ချက်ရှိသည်ဟု ပွန်ပီယို ပြောကြား
Published 11 July 2018

ဇူလိုင် ၉ ရက်တွင် ကဘူး၌ သမ္မတနန်းတော်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို(ဝဲ)က အာဖဂန်သမ္မတ ဂါနီ(ယာ)နှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo - AFP)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ကြိုတင်မကြေညာဘဲ သွားခဲ့သော ၎င်း၏ အာဖဂန်နစ္စတန်ခရီးစဉ်အတွင်း အာဖဂန်အစိုးရနှင့် တာလီဘန်ကြား၌ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ချက်ရှိလာပြီဟု ဇူလိုင် ၉ ရက်က ပြောကြားခဲ့သည်။

ပွန်ပီယိုသည် ဧပြီလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန် ဆိုခဲ့ပြီးနောက်ပိုင်း အာဖဂန်သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်း ဖြစ်သည်။

အာဖဂန်တွင်မူ ပြီးခဲ့သည့်လက တာလီဘန်နှင့် အစိုးရကြားတွင် မကြုံစဖူးအပစ်အ ခတ်ရပ်စဲမှုဖြစ်မြောက်ခဲ့ပြီးနောက် စစ်ပန်းနေသည့် နိုင်ငံထဲတွင် ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်ချက်များ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်း တာလီဘန်တို့သည် တိုက်ခိုက်မှုများကို ပြန်လည်တိုးမြှင့်ခဲ့ရာ သေဆုံးသူအများအပြားရှိခဲ့ပြီ ဖြစ်သည်။

“တိုးတက်မှု အရိပ်အယောင်ကြောင့် လက်ရှိမှာ မျှော်လင့်ချက်ရှိလာပြီလို့ ကျွန်တော်တို့ ယုံကြည်ရတော့မှာ ဖြစ်ပါတယ်” ဟု ပွန်ပီယိုက အာဖဂန်သမ္မတအရှရစ်ဂါနီနှင့် ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။ “တာလီဘန်အများအပြားဟာလည်း စစ်ရေးနဲ့ မနိုင်နိုင်ဘူးဆိုတာ မြင်လာကြပါပြီ။ ဒါဟာ သမ္မတထရန့်ရဲ့ဗျူဟာနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်မှုရှိပါတယ်” ဟု ပြီးခဲ့သည့်သြဂုတ်လက ကြေညာခဲ့သော ထရန့်၏ အလွန်အမွမ်းတင်ထားသည့် တောင်အာရှမူဝါဒအား ပွန်ပီယိုက ရည်ညွှန်းပြောကြားခဲ့သည်။

အာဖဂန်တွင် လာမည့်နှစ်၌ သမ္မတရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်ပြီး အောက်တိုဘာတွင် ပါလီမန်ရွေးကောက်ပွဲပြုလုပ်မည် ဖြစ်သည်။ ထိုရွေးကောက်ပွဲများအား သေချာစေရန် နိုင်ငံတကာ၏ ဖိအားများအောက်သို့ ရောက်ရှိနေသော အာဖဂန်သမ္မတ ဂါနီမှာလည်း ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေသည်။ သို့သော် တာလီဘန်တို့က ငြိမ်းချမ်းရေးဆွေးနွေးရန် အမေရိကန်က ကျောထောက်နောက်ခံပေးထားသော သမ္မတဂါနီ၏ ကမ်းလှမ်းမှုကို မသိကျိုးကျွန်ပြုနေပြီး အမေရိကန်နှင့်သာ တိုက်ရိုက်ဆွေးနွေးမည်ဟု အခိုင်အမာ ဆိုနေသည်။ ပွန်ပီယိုကမူ တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် အမေရိကန်က အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်သော်လည်း လုပ်ငန်းစဉ်များကို အာဖဂန် အစိုးရက ဦးဆောင်ရမည်ဟု ဆိုသည်။

သမ္မတဂါနီက အမေရိကန်၏ ထောက်ပံ့မှုအတွက်ကျေးဇူးတင်ကြောင်း ပွန်ပီယိုကို ပြောခဲ့ပြီး ထရန့်၏ မဟာဗျူဟာများသည် အာဖဂန်စစ်ပွဲအား အဓိကအပြောင်းအလဲ ဖြစ်စေမည့်အရာဟု ချီးမွမ်းခဲ့သည်။

လူ ၁၂ ဦးသေဆုံးခဲ့သော အသေခံဗုံးခွဲမှု

ပွန်ပီယို လာရောက်ပြီး နောက်တစ်ရက်ဖြစ်သည့် ဇူလိုင် ၁၀ ရက်တွင်မူ အာဖဂန်လုံခြုံရေးများကို ပစ်မှတ်ထားသည့် အသေခံဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၂ ဦး ထက်မနည်းသေဆုံးခဲ့ရပြီး အများစုမှာ အရပ်သားများ ဖြစ်ကြသည်။ နိုင်ငံအရှေ့ပိုင်း ဂျလာလာဘတ်တွင် ဖြစ်ပွားခဲ့သည့် ထိုဖောက်ခွဲမှုအတွင်း ဒဏ်ရာရရှိသူ လေးဦးထက်မနည်းရှိပြီး အနီးရှိ  ဓာတ်ဆီဆိုင်လည်း မီးလောင်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဝန်ခံမည့်သူ မရှိသေးပေ။

Ref ; AFP

Most Read

Most Recent