<

နေတိုးခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ဥရောပခရီးစဉ်အတွက် ထရန့် ထွက်ခွာ

ဇူလိုင် ၉ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန် တရားသူကြီးချုပ် အမည်စာရင်း တင်သွင်းမှုအား ထရန့်က ကြေညာနေစဉ် (Photo – AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဥရောပလေးနိုင်ငံခရီးစဉ်ကို ဇူလိုင် ၁၀ ရက်တွင် ဘရပ်ဆဲလ်၌ စတင်ခဲ့သည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော နေတိုးနှင့် မဟာမိတ်ဖြစ်မှုကို ထိခိုက်ပျက်စီးစေမည့် အလားအလာများအတွက် နေတိုးအဖွဲ့ဝင်များက စိုးရိမ်နေချိန်တွင် ထရန့်၏ ဥရောပခရီးစဉ် စတင်ခဲ့ခြင်း ဖြစ်သည်။

ဖင်လန်နိုင်ငံ ဟယ်ဆင်ကီးမြို့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရန့်တို့ တွေ့ဆုံနိုင်ခြေရှိမှုကို နေတိုးအဖွဲ့ဝင်များက စိုးရိမ်နေကြသည်။

ဥရောပသမဂ္ဂမှ ထွက်ခွာရန်အတွက် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေအစိုးရ၏ ပြင်ဆင်မှုများကို အငြင်းအခုံဖြစ်နေကြစဉ် ထရန့်သည် လန်ဒန်သို့လည်း သွားရောက်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်မတိုင်မီ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ သုံးစွဲရမည့်ရည်မှန်းချက်ကို နေတိုးအဖွဲ့ဝင် နိုင်ငံများက ဖြည့်ဆည်းကြရန် ထရန့်က ဖိအားပေးနေခဲ့သည်။ သမ္မတရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုအတွင်း ထရန့်က နေတိုးအဖွဲ့ဝင်များသည် ၎င်းတို့၏ ကတိက၀တ်ကို ဖြည့်ဆည်းမှသာ ၎င်းင်းတို့၏ ကာကွယ်ရေးအတွက် ဆောင်ရွက်ပေးမည်ဟု ကတိပြုထားခဲ့သည်။ နေတိုးအဖွဲ့ဝင်များသည် ကာကွယ်ရေးအတွက် သုံးစွဲရမည့်ဝေစုကို မသုံးစွဲခြင်းအတွက် ထရန့်က ဆက်လက်ဝေဖန်နေခဲ့သည်။ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ထက်ဝက်ကျော်ကသာ ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ် သုံးစွဲရမည့်ကတိအား ဖြည့်ဆည်းနိုင်ဖွယ်ရှိသည်ဟု နေတိုးက ခန့်မှန်းထားသည်။

“အမေရိကန်က အားလုံးထက် နေတိုးအတွက် ပိုပြီးသုံးစွဲနေပါတယ်။ ဒါက မတရားပါဘူး။ လက်ခံနိုင်ဖွယ်လည်း မရှိပါဘူး” ဟု ထရန့်က ဇူလိုင် ၉ ရက်တွင် Twitter ၌ ရေးသားခဲ့သည်။ နေတိုးသည် ဥရောပမှ အမေရိကန်ထက်ပို၍ အကျိုးစီးပွားရရှိနေကြောင်းလည်း ထရန့်က အခိုင်အမာပြောကြားခဲ့သည်။ ဥရောပသမဂ္ဂသည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် ဒေါ်လာ ၁၅၁ သန်း ပိုငွေ ပြထားကြောင်း ထရန့်က ပြောကြားခဲ့သည်။

ထရန့်သည် ဗြိတိန်သို့ ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည့်အချိန်သည် ၀န်ကြီးချုပ် မေအတွက် အကျပ်အတည်းနှင့် ကြုံနေရချိန်ဖြစ်သည်။ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး မေ၏ အစီအစဉ်ကို ကန့်ကွက်သည့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်နှင့် Brexit  ရေးရာဝန်ကြီး ဒေးဗစ်ဒါဗစ်တို့က နုတ်ထွက်သွားခဲ့ကြသည်။ ထရန့်၏ လန်ဒန်ခရီးစဉ်တွင် ကန့်ကွက်ဆန္ဒပြမှုကြီးများ ပေါ်ထွက်လာဖွယ်ရှိသည်။

ထရန့်သည် တစ်ပတ်ကြာဥရောပခရီးစဉ်၌ စကော့တလန်တွင် နောက်ဆုံးတစ်ထောက်ရပ်နားပြီးနောက် ဟယ်ဆင်ကီးတွင် ပူတင်နှင့် တွေ့ဆုံမှုဖြင့် အဆုံးသတ်မည်ဖြစ်သည်။ ထရန့်နှင့် ပူတင်တို့၏ တွေ့ဆုံမှုသည် အနီးကပ်စောင့်ကြည့်ခံရမည့် တွေ့ဆုံမှုဖြစ်မည် ဖြစ်သည်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွင် ထရန့်အနိုင်ရရေးအတွက် ရုရှားက ၀င်ရောက်စွက်ဖက်ကူညီခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးက စွပ်စွဲထားသည်။ သို့သော်လည်း ပူတင်က ရွေးကောက်ပွဲတွင် ၀င်ရောက်စွက်ဖက်ခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

Ref; AFP

July 10, 2018














Copy Protected by Chetan's WP-Copyprotect.