<

ထိုင်းလိုဏ်ဂူအတွင်းမှ ကလေးများကယ်ဆယ်ရေး ဒုတိယမြောက်နေ့တွင် နောက်ထပ်လေးဦးအား ကယ်ထုတ်နိုင်ခဲ့

ဇူလိုင် ၉ ရက်တွင် လူငယ်များပိတ်မိနေသည့် ဂူ၏အပြင်ဘက်တွင် အရေးပေါ်ပို့ဆောင်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းက စောင့်ဆိုင်းနေစဉ် (Photo – AFP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ရေကြီးနေသော လိုဏ်ဂူအတွင်းတွင် ပိတ်မိနေသော ဘောလုံးအသင်းမှ ကျန်ရှိနေသည့် အဖွဲ့ဝင် ကိုးဦးကိုကယ်ထုတ်ရန်အတွက် ဒုတိယအဆင့် ကယ်ဆယ်ရေးအား ဇူလိုင် ၉ ရက် တွင် ပြုလုပ်ခဲ့ရာ နောက်ထပ်ကလေး လေးဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာမှ ကျွမ်းကျင်သူများ ဦးဆောင်သော ရေငုပ်အဖွဲ့သည် ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းက လိုဏ်ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြပြီး မူလစီစဉ်ထားသည့် အချိန်ထက်စော၍ ကယ်ဆယ်ရေးလုပ်ငန်း ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

ဇွန် ၂၃ ရက်က Tham Luang ဂူအတွင်း ပိတ်မိသွားခဲ့သော ကလေးဘောလုံး အသင်းသား ၁၂ ဦးနှင့် နည်းပြဖြစ်သူတို့ကို ပြန်လည်ကယ်ထုတ်ရန်အတွက် ဇူလိုင် ၈ ရက်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့ရာ နောက်ထပ်လေးဦးကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ကယ်ထုတ်ခဲ့သူများအား အာဏာပိုင်များက အသေးစိတ်ကြေညာခြင်း မရှိသေးဘဲ ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍လည်း အနည်းအကျဉ်းသာ သိရသေးသည်။

ဇူလိုင် ၉ ရက် ညနေတွင် ထိုင်းနိုင်ငံမြောက်ပိုင်းချန်ရိုင်း ပြည်နယ်မှ Tham Luang ဂူထဲရှိ နောက်ထပ် ကလေးလေးဦးကို ဂူအပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသော ရဟတ်ယာဉ်နှင့် လူနာတင်ယာဉ်များပေါ်သို့ ဆေးဘက်ဝန်ထမ်းများက သယ်ယူသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း ထိုဂူအနီး သတင်းယူနေသည့် ရိုက်တာသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ဂူထဲမှ ကလေးများအား ကယ်ထုတ်မှုကို ဇူလိုင် ၈ ရက်တွင် စတင်ခဲ့ပြီး ထိုနေ့၌ ကလေးလေးဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးရုံတွင် ကျန်းမာရေးအခြေအနေကောင်းမွန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

 

ထိုလူငယ်ဘောလုံးသမားအုပ်စုသည် အားကစားလေ့ကျင့်မှုအပြီး လေ့လာရေးအဖြစ် ထိုဂူထဲသို့ ဇွန် ၂၃ ရက်တွင် ၀င်ရောက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ဂူဝင်ပေါက် ပိတ်ဆို့သွားခဲ့ပြီးနောက် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ်အများအပြားပါဝင်သည့် ထိုအဖွဲ့အား ဂူပြင်သို့ကယ်ထုတ်မှုပြီးစီးရန် အချိန်သုံးရက် သို့မဟုတ် လေးရက်ကြာမြင့်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုကြောင့် အချိန်လု၍ လုပ်ဆောင်ရမည် ဖြစ်သည်။

Ref;Reuters/CNN

July 9, 2018














Copy Protected by Chetan's WP-Copyprotect.