အမေရိကန်က လူဆိုးဂိုဏ်းပုံစံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

အမေရိကန်က လူဆိုးဂိုဏ်းပုံစံ တောင်းဆိုမှုများ ပြုလုပ်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
Published 9 July 2018

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို (ဝဲ)၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး (လယ်) တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး (ယာ) တို့ကို တိုကျိုရှိ ဧည့်ဂေဟာတစ်ခု၌ တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားက ၎င်း၏နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ အမေရိကန်တို့က လူဆိုးဂိုဏ်းပုံစံဖြင့် တောင်းဆိုမှုများ ပြုလုပ်သွားခဲ့သည်ဟု ဇူလိုင် ၇ ရက်က စွပ်စွဲ ပြောကြားခဲ့သည်။

ယင်းပြောကြားမှုသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို မြောက်ကိုရီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီး နာရီအချို့အကြာ၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ ပွန်ပီယိုကမူ ၎င်း၏ ခရီးစဉ်အတွင်း၌ ရန်သူဟောင်းများနှင့် အဓိကအချက်များ၌ တိုးတက်မှုများပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

“အမေရိကန်တို့ဟာ နျူကလီးယားဖျက်သိမ်းဖို့အတွက် လူဆိုးဂိုဏ်းတွေလို တစ်ဘက်သတ်ဆန်တဲ့ သူတို့ရဲ့ တောင်းဆိုမှုတွေကို ပြုလုပ်ဖို့အတွက်ပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် KCNA သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေးအတွက် ဖြတ်လမ်းအဖြစ် နှစ်ဖက်စလုံးက လုပ်ဆောင်မှုအဆင့်ဆင့်ကို တစ်ပြိုင်တည်းဆောင်ရွက်ရမည့်အစား ပွန်ပီယို၏ ကိုယ်စားလှယ်အဖွဲ့သည် နောက်ပြန်မလှည့်နိုင်သော၊ ခိုင်မာသော အလုံးစုံ နျူကလီးယားဖျက်သိမ်းရေးကိုသာ တစ်ဘက်သတ် အခိုင်အမာ တောင်းဆိုသွားခဲ့သည်ဟု ထိုပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“ဒီတစ်ခါ အဆင့်မြင့်အရာရှိဆွေးနွေးပွဲဟာ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြားက ယုံကြည်မှုကို ပိုမိုခိုင်မာစေရမယ့်အစား ကျွန်တော်တို့ကို အန္တရာယ်များတဲ့ အခြေအနေကို ရောက်စေပါတယ်။ ဒီအတွက်ကြောင့် နျူကလီးယားဖျက်သိမ်းဖို့အတွက် ခိုင်မာတဲ့ ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုတောင် ယိုင်နဲ့စေနိုင်မယ့် အခြေအနေမျိုးဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

■ ပိတ်ဆို့မှုများ ဆက်ရှိနေမည်

မြောက်ကိုရီးယားအစိုးရဘက်မှ  အလုံးစုံ နျူကလီးယားဖျက်သိမ်းမှုပြီးစီးသွားသည့် အချိန်အထိ ၎င်းတို့အပေါ် ပိတ်ဆို့မှုများမှာ ဆက်ရှိနေလိမ့်မည်ဟု ဇူလိုင် ၈ ရက်တွင် ပွန်ပီယိုဘက်မှ ပြောစကား ပြန်လည်ထွက်ပေါ်လာသည်။”ဥက္ကဋ္ဌကင် သဘောတူခဲ့တဲ့အတိုင်းပဲ အလုံးစုံနျူကလီးယားဖျက်သိမ်းမှုပြီး စီးတဲ့အချိန်အထိ ပိတ်ဆို့မှုတွေဟာ ဆက်ရှိ သွားမှာပါ” ဟု ပွန်ပီယိုက တိုကျိုတွင် ဂျပန်၊ တောင်ကိုရီးယားတို့မှ နိုင်ငံခြားရေးဝန်ကြီးတို့ နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဆွေးနွေးမှုတွေရဲ့ တိုးတက်မှုဟာ ကျွန်တော်တို့ကို အားတက်စေတာ မှန်ပေမဲ့ တိုးတက်မှုရှိတာသက်သက်အတွက်နဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ဆိုတာ မလျော်ကန်ပါဘူး” ဟု ပွန်ပီယိုက ဆက်လက်ပြောကြားခဲ့သည်။

ပွန်ပီယိုသည် ၎င်းင်း၏မြောက်ကိုရီးယားခရီးစဉ်အကြောင်းကို ဂျပန်နှင့် တောင်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးတို့အား ပြန်၍ ရှင်းပြရန် တိုကျိုသို့ ရောက်နေခြင်းဖြစ်သည်။

ပွန်ပီယိုကမူ မြောက်ကိုရီးယား၏ တံဆိပ်ကပ်မှုကို ဖယ်ချပြီး ဆွေးနွေးမှုများသည် ကောင်းမွန်သော ယုံကြည်ချက်အတိုင်း ရှေ့ဆက်သွားနေသည်ဟုသာ ပြောခဲ့သည်။

“တကယ်လို့ ဒီတောင်းဆိုမှုတွေဟာ လူဆိုးဂိုဏ်းပုံစံဖြစ်နေတယ်ဆိုရင် ကမ္ဘာကြီးဟာလည်း လူဆိုးဂိုဏ်းတစ်ခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်ဖြစ်မြောက်အောင် ဘယ်လိုလုပ်ဆောင်ဖို့ လိုအပ်တဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တညီတညွတ်တည်း ဆုံးဖြတ်ချက်ချထားခဲ့လို့ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပွန်ပီယိုသည် ဇူလိုင် ၆ ရက်ကတည်းက ပြုံယမ်းတွင် မြောက်ကိုရီးယားအစိုးရ အရာရှိများနှင့် ရှစ်နာရီကျော် ကြာအောင် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့်လက ထရန့်နှင့် ကင်တို့၏ သဘောတူညီချက်အား အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုလည်း ဖြစ်သည်။

 

 

Most Read

Most Recent