ဂျပန်မှ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း သေဆုံးသူ ၅၇ ဦးထက်မနည်းအထိ မြင့်တက်လာ

ဂျပန်မှ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း သေဆုံးသူ ၅၇ ဦးထက်မနည်းအထိ မြင့်တက်လာ
Published 9 July 2018

ဇူလိုင် ၈ ရက်က အိုကာယာမာစီရင်စုရှိ နေအိမ်များ ရေနစ်မြုပ်နေသည့် မြင်ကွင်းအား တွေ့ရစဉ် (Photo: AFP)

ဂျပန်နိုင်ငံတွင် သေဆုံးသူ ၅၇ ဦးထက်မနည်း ရှိလာပြီဖြစ်သော စံချိန်တင် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် သတိပေးနှိုးဆော်ချက်အသစ်များကို အာဏာပိုင်တို့က ထပ်မံထုတ်ပြန်နေစဉ် ရေကြီးမှုဒဏ်ခံရသူများကို အချိန်လု၍ ကယ်ဆယ်ကြရန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဇူလိုင် ၈ ရက်တွင် သတိပေးခဲ့သည်။

သည်းထန်လှသော မိုးရွာသွန်းမှုများကြောင့် နိုင်ငံအလယ်ပိုင်းနှင့် အနောက်ပိုင်း  နေရာအနှံ့အပြား၌ ရေကြီး၊မြေပြိုမှုများ ဖြစ်ပွားလျက်ရှိပြီး လူနှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်လည်း အမိန့်ထုတ်ထားရသည်။

“ကယ်ဆယ်ရေးသမားတို့၊ လူအသက်တွေကို ကယ်တင်ပြီး ဘေးလွတ်ရာကို ရွှေ့ ပြောင်းပေးဖို့ဆိုတာဟာ အချိန်လုပြီး လုပ်ရမယ့်ကိစ္စတွေပါ” ဟု  အာဘေးက ယခုသဘာ၀ ဘေးအန္တရာယ်အားဖြေရှင်းရန် ဖွဲ့စည်းထားသည့်အစိုးရ၏အဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ “အခုထက်ထိ လုံခြုံမှုမရ သေးတဲ့ သူတွေ အများကြီးကျန်နေပါသေး တယ်” ဟု  အာဘေးက ဖြည့်စွက်ပြောခဲ့သည်။

ရက်အတန်ကြာအောင် ရာသီဥတု ပြင်းထန်ဆိုးရွားနေခဲ့ပြီးနောက် သေဆုံးသူဦးရေသည် ၅၇ ဦးအထိရှိလာပြီဟု ထိပ်တန်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ယိုရှီဟိုင်ဒါဆူဂါက ပြော ကြားခဲ့သည်။ သို့သော် ပြည်တွင်းမီဒီယာများတွင် သေဆုံးသူ ၆၇ ဦးရှိပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံးနေသည်ဟု ဖော်ပြခဲ့သဖြင့် တရားဝင် သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်လာမည့်သဘောဖြစ်သည်။

လူနှစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ညွှန်ကြားထားသော်လည်း ယင်းညွှန်ကြားချက်သည် မဖြစ်မနေလုပ် ဆောင်ရမည်မဟုတ်သဖြင့် လူအများအပြားသည် နေအိမ်များ၌သာ ဆက်၍နေထိုင်ခဲ့ကြရာ လျင်မြန်စွာ မြင့်တက်လာသည့် ရေ သို့မဟုတ် ရုတ်တရက်  မြေပြိုကျမှုများအတွင်း ပိတ်မိကုန်ကြခြင်းဖြစ်သည်။

မိုးလေဝသဌာနသည် ဇူလိုင် ၈ ရက်က ဒေသနှစ်ခုအတွက် အမြင့်ဆုံးသတိပေးချက်ကို ထုတ်ပြန်ခဲ့သော်လည်း မိုးစဲသွားသော အခြားနေရာများတွင်မူ သတိပေးချက်များကို ပြန်ရုပ်သိမ်းလိုက်သည်။

ဟီရိုရှီးမားဒေသတောင်ပိုင်းတွင်မူ ကားလမ်းများသည် ရွှံ့ရေစီးသန်သည့် မြစ်ချောင်းများသဖွယ် ပြောင်းလဲကုန်ကြောင်း သိရသည်။ “ ဒီနေရာဟာ သမုဒ္ဒရာကြီးတစ်ခုလို ဖြစ်လာပါပြီ” ဟု ထိုနေရာတွင် ကာလရှည် ကြာနေထိုင်ခဲ့သော အသက် ၈၂ နှစ်အရွယ် နိုဘူကာကူမိုတိုက ပြောကြားခဲ့သည်။

လက်ရှိတွင် သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရန် ကယ်ဆယ်ရေးလုပ်သား၊ ရဲ၊ စစ်သား ၅၀,၀၀၀ ကျော်ကို တပ်ဖြန့်ထားကြောင်း သိရသည်။  ယခုတစ်ကြိမ် ရာသီဥတုဆိုးရွားမှုအတွင်း အချို့နေရာများ၌ ကျေးရွာလိုက် ရေမြုပ်ကုန် ကြပြီး ရေပေါ်တွင် လမ်းမီးတိုင်များသာ တွေ့ ရတော့ကြောင်း သိရသည်။

ဂျပန်သို့ တိုင်ဖွန်းတစ်လုံးဝင်ရောက် တိုက်ခတ်ခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက မိုးများ စတင်ရွာသွန်းနေခြင်း ဖြစ်သည်။ သို့သော် အသည်းထန်ဆုံးမိုးရွာသွန်းမှုမှာ ဇူလိုင် ၅ ရက်က ဖြစ်သည်။ ထို အချိန်မှစ၍ သေဆုံးသူများ မြင့်တက်လာ ခြင်းဖြစ်ပြီး အခြေအနေများမှာလည်း ကယ် ဆယ်ရေးသမားများအတွက် အခက်အခဲဖြစ်စေခဲ့သည်။

ယခုဖြစ်စဉ်သည် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျပန်တွင် လူသေဆုံးမှုအများဆုံး မိုးရွာသွန်းမှုနှင့်ပတ်သက်သည့် သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်ကမူ ဟီရိုရှီးမားတွင် သည်းထန်စွာရွာသော မိုးတို့ ကြောင့် မြေပြိုမှုများ ဖြစ်ခဲ့ရာ သေဆုံးသူ ၇၄ ဦးထက်မနည်း ရှိခဲ့သည်။

Most Read

Most Recent