ဖိလစ်ပိုင်တွင် တစ်ပတ်အတွင်း သုံးဦးမြောက်အဖြစ် ဒုတိယမြို့တော်ဝန်တစ်ဦး ပစ်သတ်ခံခဲ့ရ

ဖိလစ်ပိုင်တွင် တစ်ပတ်အတွင်း သုံးဦးမြောက်အဖြစ် ဒုတိယမြို့တော်ဝန်တစ်ဦး ပစ်သတ်ခံခဲ့ရ
Published 8 July 2018

တာနူအန်မြို့တော်ဝန် ဟာလီလီ လုပ်ကြံခံရသည့်နေရာ၌ ဖိလစ်ပိုင်အထူးရဲတပ်ဖွဲ့ဝင်များက ဇူလိုင် ၄ ရက်တွင် စစ်ဆေးနေစဉ် (Photo: AP)

ဖိလစ်ပိုင်တွင် ပြီးခဲ့သော သီတင်းပတ်အတွင်း တတိယအကြိမ်မြောက် ပြောင်ပြောင်တင်းတင်း လုပ်ရပ်အဖြစ် မြို့တော်မနီလာတောင်ဘက်ရှိ မြို့ငယ်တစ်မြို့မှ ဒုတိယမြို့တော်ဝန်တစ်ဦးသည် ဇူလိုင် ၇ ရက်တွင် ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Trece Martires မြို့၏ ဒုတိယမြို့တော်ဝန် အလက်ဇန္ဒားလူဘီဂန်နှင့် ၎င်း၏ယာဉ်မောင်းတို့သည် ပစ်ကပ်ဗင်ကားတစ်စီးဖြင့် သွားလာနေစဉ် ကာဗိုက်ပြည်နယ်မှ ဆေးရုံတစ်ရုံအရှေ့တွင် ဗင်ကားစီးလာသော သေနတ်သမားများက ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ သေနတ်သမားများမှာမူ လွတ်မြောက်သွားခဲ့သည်။

တစ်ပတ်အတွင်း ဒေသဆိုင်ရာတာဝန်ရှိသူများ ဆက်တိုက်ပစ်သတ်ခံခဲ့ရမှုများတွင် လူသတ်သမားများနှင့် ယင်းကဲ့သို့ လုပ်ကြံရသည့် စေ့ဆော်မှုများကို ဖော်ထုတ်နိုင်ရန် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ တရားမဝင် လက်နက်များ ကာလရှည်ကြာပျံ့နှံ့နေသည့် ဖိလစ်ပိုင်တွင် ယခုကဲ့သို့ ဆက်တိုက်လုပ်ကြံမှုများကြောင့် ပိုမိုထိရောက်သော သေနတ်ထိန်းချုပ်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများ ပြန်လည်ထွက်ပေါ်လာခဲ့သည်။

ဇူလိုင် ၂ ရက်တွင် မနီလာတောင်ဘက် တာနူအန်မြို့မှ မြို့တော်ဝန်အန်တိုနီယိုဟာလီလီသည် အလံတင်အခမ်းအနားတစ်ခုတွင် နိုင်ငံတော်သီချင်း သီဆိုနေစဉ် လက်ဖြောင့်သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။ နောက်တစ်ရက် ဇူလိုင် ၃ ရက်တွင် နိုင်ငံမြောက်ပိုင်း ဂျင်နရယ်တီနီယိုမြို့မှ မြို့တော်ဖာဒီနန်ဘိုတီသည် SUV ကားဖြင့် သွားနေစဉ် ဆိုင်ကယ်စီးလာသည့် သေနတ်သမားများက ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုနှစ်ဦးအား လုပ်ကြံသူများသည်လည်း လွတ်မြောက်နေဆဲဖြစ်သည်။

ဟာလီလီနှင့် ဘိုတီတို့ လုပ်ကြံခံခဲ့ရမှုအား မျက်မြင်သက်သေများက မှတ်တမ်းတင်ခဲ့သည့် ဗီဒီယိုများအား အွန်လိုင်းတွင် ကြည့်ရှုမှု များပြားခဲ့ပြီး ဥပဒေစိုးမိုးမှုကင်းမဲ့မှုကို စိုးရိမ်မှု တစ်ဖန်ထွက်ပေါ်လာခဲ့သည်။ သမ္မတရိုဒရီဂိုဒူတာတေး၏ တရားမဝင် မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲတွင် မူးယစ်ဆေးကုန်သည်များဟု သံသယရှိသူ အများစုပါဝင်သည့် လူ ၄၀၀၀ ကျော် သေဆုံးခဲ့ချိန်တွင် ယခုကဲ့သို့ မြို့တော်ဝန်များအား ဆက်တိုက်လုပ်ကြံမှုများကြောင့် ဖိလစ်ပိုင်သည် အာရှ၏ လူသတ်မြို့တော်ဖြစ်သည်ဟု အတိုက်အခံ အထက်လွှတ်တော်အမတ်တစ်ဦးက သုံးနှုန်းခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဒူတာတေးက သမ္မတရာထူး စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း မြို့တော်ဝန်ကိုးဦးထက်မနည်း သေဆုံးခဲ့ပြီးဖြစ်သည်။ ထိုကိုးဦးထဲတွင် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွှယ်မှုရှိသည်ဟု ဒူတာတေးနှင့် အစိုးရက စာရင်းသွင်းထားသည့်လေးဦးလည်း ပါဝင်သည်။

ဟာလီလီသည် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွှယ်မှုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ ၎င်းကမူ မည်သည့်ပတ်သက်မှုမျှ မရှိကြောင်း အပြင်းအထန် ငြင်းဆိုခဲ့သည်။

မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွှယ်သည့် အစိုးရတာဝန်ရှိသူများ၏ စာရင်းအား စစ်ဆေးခွင့်ပြုရန် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများအဖွဲ့တစ်ဖွဲ့က ဒူတာတေးအစိုးရကို တောင်းဆိုခဲ့ပြီး ထိုစာရင်းတွင် သံသယရှိသူများအား ထည့်သွင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့အား အသိပေးရန် တောင်းဆိုခဲ့သည်။ ထိုစာရင်းသည် အသတ်ခံရမည့်စာရင်းဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့များက ဝေဖန်ခဲ့ကြသည်။

Ref: AFP

Most Read

Most Recent