ဂျပန်တွင် စံချိန်တင်မိုး ရွာသွန်းမှုအတွင်း သေဆုံးသူ ၂၀ ထက်မနည်းအထိ မြင့်တက်လာ

ဂျပန်တွင် စံချိန်တင်မိုး ရွာသွန်းမှုအတွင်း သေဆုံးသူ ၂၀ ထက်မနည်းအထိ မြင့်တက်လာ
Published 8 July 2018

ဇူလိုင် ၇ ရက်တွင် ဆာဂါစီရင်စု ကာရတ်စုမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့စဉ် (Photo: AFP)

ဂျပန်နိုင်ငံတွင် စံချိန်တင်မိုးရွာသွန်းမှုအတွင်း သေဆုံးသူဦးရေသည် ၂၀ ထက် မနည်းအထိ ရှိလာပြီဖြစ်ကြောင်း အစိုးရ အရာရှိများက ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံအနောက်ပိုင်းရှိ နေရာအနှံ့အပြားတွင်လည်း မိုးများသည်းသည်းထန်ထန် ဆက်လက်ရွာသွန်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဟီရိုရှီးမား၊ အိုကာယာမာ၊ ကျိုတိုတို့ အပါအဝင် အခြားဒေသများ၌ မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုကြီးများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁ ဒသမ ၉ သန်း ကျော် ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားရသည်။ ပျောက်ဆုံးနေသူဦးရေမှာ ဒါဇင်နှင့်ချီရှိနေပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဟန့်အတားများနှင့် တွေ့နေရကြောင်းသိရသည်။

မိုးရွာသွန်းမှုနှင့် ဆက်စပ်သောမတော်တဆမှုများအတွင်း သေဆုံးသူစုစုပေါင်း၂၀ ရှိလာပြီဟု ဒေသခံအာဏာပိုင်တို့က ဆိုသည်။ သို့သော် NHK သတင်းဌာနတွင်မူ သေဆုံးသူဦးရေသည် ၃၈ ဦးအထိ ရှိလာပြီ ဖြစ်ပြီး လူ ၅၀ စာရင်းပျောက်နေသည်ဟု ဖော်ပြခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ အခုမှ စာရင်းကောက်တုန်းဖြစ်တဲ့အတွက် သေကြေ ဒဏ်ရာ ရသူဦးရေဟာ ထပ်တိုးလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု အိမ်မီစီရင်စုရှိ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံရေးအရာ ရှိယိုရှီ နိုဘူကတ်ဆူရာက ပြောကြားခဲ့သည်။

ဒုက္ခတွေ့သူများကို ကူညီကယ်တင်ရန် အစွမ်းကုန်ကြိုးပမ်းကြရေးအတွက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်း၏ ဝန်ကြီးများအား ညွှန်ကြားထားသည်။ “အခြေအနေတွေဟာ အရမ်းကို စိုးရိမ်စရာ ကောင်းနေပါတယ်” ဟုလည်း အာဘေးက ပြောကြားခဲ့သည်။

ဟီရိုရှီးမားတွင် ဇူလိုင် ၇ ရက် အစောပိုင်းက တံတားတစ်ခုအနီးတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏အလောင်းကို တွေ့ရပြီး နောက်ထပ်အမျိုးသားတစ်ဦးကိုမူ မြေပြိုမှုအတွင်း ရွှံ့မြေများ ဖုံးလွှမ်းနေသော နေအိမ်အတွင်း တွေ့ခဲ့ရသည်။ ရုပ်သံသတင်းများထဲ၌လည်း ဟီရိုရှီးမားရှိ သစ်သားတံတားတစ်စင်း ရေစီးနှင့်အတူ မျောပါသွားသည်ကို တွေ့ရသည်။

ကယ်ဆယ်ရေးသမားများကမူ မြေပြိုမှုဖြစ်ပွားခဲ့သည့်နေရာများမှ နေအိမ်များကို တူးဖော်မှုများလုပ်ဆောင်နေကြသည်။ အိုကာယာမာဒေသရှိ လူနေရပ်ကွက် အနှံ့အပြားတွင်မူ ရေများကြီးနေသဖြင့် လူများသည် အိမ်ခေါင်မိုးပေါ်သို့တက်နေ နေရကြောင်း သိရသည်။

အချို့ဒေသများတွင် မိုးရေချိန်မှာ တစ်မီတာကျော်သည်ဟု အစိုးရထုတ်ပြန်မှုအတွင်း ဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် တပ်ဖွဲ့ဝင်၊ ရဲ၊ မီး သတ် ၄၈၀၀၀ ကို တပ်ဖြန့်ထားသည်ဟု ဝန်ကြီးအဖွဲ့မှ အတွင်းဝန် ယိုရှီဟိုင်ဒါ ဆူဂါက ပြောကြားခဲ့သည်။

ဂျပန်၏ မိုးလေဝသဌာနသည် နိုင်ငံ အနောက်ပိုင်းရှိဒေသများအတွက် သတိပေးချက်ကို အမြင့်ဆုံးတိုးမြှင့်ထားသည်။ အမြင့်ဆုံး သတိပေးချက်ဆိုသည်မှာ ဆယ်စုနှစ်များစွာအတွင်း မိုးရေချိန်အမြင့်ဆုံးဖြစ်ဖွယ်ရှိမှသာ ထုတ်ပြန်ခြင်းဖြစ်သည်။ အခြားဒေသများတွင်မူ သတိပေးချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ဇူလိုင် ၈ ရက်အထိ နိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် မိုးများသည်းထန်စွာ ဆက်လက်ရွာသွန်းလိမ့်မည်ဟု မိုးလေဝသဌာနမှ အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

Most Read

Most Recent