<

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀ပ်ဇ်ရှရစ် ခြစားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဇူလိုင် ၅ ရက်တွင် လာဟိုးမြို့၌ ၀န်ကြီးချုပ်ဟောင်း ရှရစ်၏ညီဖြစ်သူ ရှာဘတ်စ်ရှရစ်က PML-N ပါတီ မူဝါဒ ကြေညာစာတမ်းကို ထုတ်ပြန်နေစဉ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း န၀ပ်ဇ်ရှရစ်အား မြို့တော်အစ္စလာမ္မာဘတ်ရှိ ခြစားမှုများကို ကိုင်တွယ်သော တရားရုံးက ဇူလိုင် ၆ ရက်တွင် မျက်ကွယ်ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေများက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်သည် ဇူလိုင် ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာ၌ အခက်တွေ့နေသော န၀ပ်ရှရစ်၏ ပါတီအတွက် ပြင်းထန်သော ထိုးနှက်ချက် ဖြစ်သွားခဲ့သည်။ သို့သော် ကမ္ဘာ့ဖလားခရစ်ကတ်ကစား သမားဟောင်း အီမရမ်ခန်း ဦးဆောင်သည့် အဓိက အတိုက်အခံပါတီအတွက်မူ အဆိုပါစီရင်ချက်သည် သိသာထင်ရှားသော အရှိန်အဟုန်မြှင့်တင်ပေးမှု ဖြစ်သွားလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် ရှရစ်သည် ကင်ဆာရောဂါ ဖြစ်နေသော ဇနီးဖြစ်သူ ဆေးကုသမှုခံယူနေသည့် လန်ဒန်သို့ ရောက်ရှိနေသည်။ ယခု စီရင်ချက်ကြောင့် ရှရစ်သည် ပါကစ္စတန်သို့ ပြန်လာ မလာနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများ ရုတ်ချည်း မြင့်တက်သွားစေခဲ့သည်။ ပါကစ္စတန်နှင့် လန်ဒန်တို့ကြားတွင် ရာဇ၀တ်သားများနှင့် ၀ရမ်းပြေးများအား လွှဲပြောင်းပေးရန် သဘောတူညီချက် ရထားခြင်းမရှိပေ။

ဝန်ကြီးချုပ် သက်တမ်းအား တတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်နေသော ရှရစ်ကို ယမန်နှစ်က ခြစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးတစ်ခုအပြီးတွင် တရားရုံးချုပ်က ရာထူးမှ ဖယ်ရှားကာ နိုင်ငံရေးလုပ်ခွင့်အား ရာသက်ပန် ပိတ်ပင်လိုက်သည်။ သို့သော် ရှရစ်သည် ၎င်း၏ အာဏာရပါတီ PML-N အတွက် သြဇာကြီးသည့် သင်္ကေတတစ်ခုဖြစ်နေဆဲဖြစ်သည်။

ရှရစ်ကမူ ၎င်းအပေါ် စွဲချက်တင်မှုများသည် သြဇာကြီး စစ်တပ်၏ ပူးပေါင်း ကြံစည်မှုဖြစ်သည်ဟု လန်ဒန်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ နှစ် ၇၀ ကြာ သက်တမ်းအတွင်း အချိန်ထက်ဝက်ခန့်ကို စစ်တပ်က ကြီးစိုးခဲ့ခြင်းဖြစ်သည်။ ရှရစ်ကမူ အသက်ရှူ ကိရိယာ တပ်ဆင်ထားရသော ဇနီးသည်အား စကားပြောနိုင်ပြီးပြီးချင်းမှာပင် နေရပ်သို့ ပြန်လာပြီး ပြစ်ဒဏ်နှင့် ရင်ဆိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင်လည်း ၎င်း၏ ပါတီကို မဲပေးကြရန် ထောက်ခံသူများအား တိုက်တွန်းခဲ့သေးသည်။

ရှရစ်သည် ထောင်ဒဏ် ၁၀ နှစ်အပြင် ငွေဒဏ်အဖြစ် ပေါင်ရှစ်သန်း (ဒေါ်လာ ၁၀ သန်း) ဒဏ်ကြေးချခံခဲ့ရကြောင်း ရှေ့နေများက ပြောကြားခဲ့သည်။ လန်ဒန်မှ မေဖဲ သီးသန့်ရပ်ကွက်ရှိ ရှရစ်၏ တန်ဖိုးကြီးပိုင်ဆိုင်မှုများကို သိမ်းယူရန်လည်း တရားရုံးက ဖက်ဒရယ်အစိုးရကို အမိန့်ထုတ်ခဲ့သည်။ ဗြိတိန်အစိုးရအနေနှင့်လည်း ထိုပိုင်ဆိုင်မှုများကို စုံစမ်းရန် တာဝန်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ပွင့်လင်း မြင်သာမှုအဖွဲ့က ပြောကြားခဲ့သည်။

အာဏာရပါတီ PML-N အား လက်ရှိ ဦးဆောင်နေသူမှာ ရှရစ်၏ ညီဖြစ်သူ ရှာဘတ်စ်ရှရစ်ဖြစ်သည်။ သို့သော် ရှာဘတ်သည် ခေါင်းဆောင်နိုင်မှု အားနည်းသဖြင့် ခန်းနှင့်တကွ အခြားပါတီများ၏ စိန်ခေါ်မှုကို တွန်းလှန်ရန် လုံးပမ်းနေရသည်။ ထိုစဉ် ယခု စီရင်ချက်သည် PML-N ပါတီ၏ မဲဆွယ်စည်းရုံးမှုကို ထိခိုက်စေလိမ့်မည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

“ရှရစ် ပြန်မလာဘူးဆိုရင်တော့ သူ့ပါတီက သွားပါပြီ။ ပြန်လာမယ်ဆိုရင်လည်း  အမှုတွေရင်ဆိုင်ရပြီး ဒုက္ခတွေ အများကြီးကြုံရလိမ့်မယ်။ ဒါပေမဲ့ ဒီနည်းနဲ့ပဲ ပါတီကို ကယ်နိုင်လိမ့်မယ်” ဟု လေ့လာသူ ရာဆိုဘာကစ် ရာအစ်က ပြောကြားခဲ့သည်။

 

 

July 7, 2018














Copy Protected by Chetan's WP-Copyprotect.