သီရိလင်္ကာသို့ ကိုယ်ကျိုးမဖက်သည့် ချေးငွေများပိုမိုပေးမည်ဟု တရုတ်က ကတိပြု

သီရိလင်္ကာသို့ ကိုယ်ကျိုးမဖက်သည့် ချေးငွေများပိုမိုပေးမည်ဟု တရုတ်က ကတိပြု
Published 7 July 2018

ဇွန် ၂၁ ရက်တွင် ကိုလံဘို၌ တရုတ်ငွေကြေးထောက်ပံ့သော စီမံကိန်းတစ်ခု၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်အား တွေ့ရစဉ် (Ref: AFP)

 

တရုတ်သည် ၎င်း၏ အလွန်တရာကြီးမားလှသော Belt and Road အခြေခံအဆောက်အအုံ စီမံကိန်းခေါင်းစဉ်ဖြင့် သီရိလင်္ကာနိုင်ငံသို့ ချေးငွေများအပါအဝင် ဘဏ္ဍာရေး အကူအညီများ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း ဇူလိုင် ၅ ရက်က ကတိပြုခဲ့သည်။ သီရိလင်္ကာကျွန်းနိုင်ငံ၏ အလွန်များပြားလှသည့် ချေးငွေများနှင့် ပတ်သက်ပြီး အများက သတိပေးနေကြသည့်ကြားမှ တရုတ် ၏ ကတိပြုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

အနောက်နိုင်ငံမီဒီယာများတွင် ရေးသားကြသည့် အကြွေးထောင်ချောက် ဆင်သည်ဟုပြောကြားချက်များကို ကိုလံဘိုရှိ တရုတ်သံရုံးက ပယ်ချခဲ့ပြီး သီရိလင်္ကာကျွန်းပေါ်မှ တရုတ်၏ စီမံကိန်းများအတွင်း ခြစားမှု ရှိသည်ဟူသည့် စွပ်စွဲမှုများကိုလည်း ငြင်းဆန်ခဲ့သည်။

သီရိလင်္ကာ၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ချေးငွေအစုစုသည် ဒေါ်လာ ၅ ဒသမ ၅  ဘီလျံရှိသည်ဟု သံရုံးထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ ထိုပမာဏသည် သီရိလင်္ကာ အစိုးရ၏ စုစုပေါင်းပြင်ပချေးငွေ ဒေါ်လာ ၅၁ ဒသမ ၈၂ ဘီလျံ၏ ဆယ်ပုံတစ်ပုံဝန်းကျင် ရှိနေသည်။ အခြားမည်သည့် စီမံကိန်းများ အား ထောက်ပံ့ရန် ကြံရွယ်နေကြောင်းကိုမူ မထုတ်ဖော်ခဲ့ပေ။

“သီရိလင်္ကာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အလွန်ကိုလိုအပ်တဲ့ ရန်ပုံငွေတွေအပါအဝင် တရုတ်ဟာ ကိုယ်ကျိုးမဖက်တဲ့ ထောက်ပံ့မှု တွေကို ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အကြွေးထောင်ချောက်ဆိုတဲ့ အနောက်တိုင်းမီဒီယာတွေ ဖန်တီးခဲ့တဲ့ စကားလုံးဟာ မှားယွင်းတဲ့ကိစ္စပါ။ တရုတ်နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့(သီရိလင်္ကာအပါအဝင်) ပူးတွဲလုပ်ဆောင်ချက်တွေကို ပိတ်ပင်ဖို့တိုက် ရိုက်ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်” ဟု လည်း ဖော်ပြခဲ့သည်။

သီရိလင်္ကာသည် ကမ္ဘာပေါ်တွင် အစည်ကားဆုံးရေလမ်းကြောင်းများထဲမှ တစ်ခု ပေါ်၌ရှိသော ဆိပ်ကမ်းသစ်ကြီးအား တည်ဆောက်ခဲ့သည့် ဒေါ်လာ ၁ ဒသမ ၄ ဘီလျံ တန်ဖိုးရှိသောစီမံကိန်းအတွက် တရုတ်၏ အကြွေးများကို ပြန်မပေးနိုင်သောကြောင့် ပြီးခဲ့သည့်နှစ်ကပင် ဟမ်ဘန်တိုတာဆိပ်ကမ်းသစ်ကြီးအား တရုတ်သို့ ၉၉ နှစ်ကြာ အငှားချထားလိုက်ရသည်။

အာရှတစ်လွှားမှ အခြေခံအဆောက်အအုံ စီမံကိန်းများအား ရန်ပုံငွေထောက်ပံ့ရန် တရုတ်သမ္မတရှီကျင်ပင်းက လက်မှတ်ထိုးပေးလိုက်သော ဒေါ်လာ တစ်ထရီလျံတန်ဖိုးရှိ စီမံကိန်းနှင့်ပတ်သက်၍ အိန္ဒိယနှင့် အနောက်နိုင်ငံတို့၏ စိုးရိမ်မှုများကို ဟမ်ဘန်တိုတာ ဆိပ်ကမ်းကိစ္စက ပိုမိုမြင့်တက်စေခဲ့သည်။

သီရိလင်္ကာအစိုးရသည် တရုတ်ထံသို့ ပိုင်ဆိုင်မှုများအား ပိုမိုလွှဲပြောင်းပေးရနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း သတိပေးထားသည်။ IMF သည် ၂၀၁၆ ခုနှစ် ဇွန်ကပင် သီရိလင်္ကာသို့ ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ချေးခဲ့သေးသည်။

သမ္မတဟောင်း မဟင်ဒါရာဂျာပက်ဆာသည် မအောင်မြင်ခဲ့သော ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုများအတွက် ဟမ်ဘန်တိုတာဆိပ်ကမ်းအား တည်ဆောက်ခဲ့သည့် တရုတ်ကုမ္ပဏီထံမှ ဒေါ်လာသန်းပေါင်း ရရှိခဲ့သည့်ဟု ဇွန်လ ကပင် နယူးယောက်တိုင်းမ်သတင်းထဲတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent