လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် အောက်စီဂျင် ပြတ်လပ်ခဲ့သဖြင့် ထိုင်းအထူးရေတပ်က ရေငုပ်သမားဟောင်း တစ်ဦးသေဆုံး

လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် အောက်စီဂျင် ပြတ်လပ်ခဲ့သဖြင့် ထိုင်းအထူးရေတပ်က ရေငုပ်သမားဟောင်း တစ်ဦးသေဆုံး
Published 6 July 2018

လှိုဏ်ဂူအတွင်း ကယ်ဆယ်ရေးဆောင်ရွက်နေသည့် တပ်သားများအား တွေ့ရစဉ် (Photo: Thai NavySEAL)

ထိုင်းနိုင်ငံရှိ ဂူတစ်ခုအတွင်း ပိတ်မိနေခဲ့သော ကောင်လေး ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြဆရာတို့ကို ကယ်ဆယ်ရာတွင် အထောက်အကူပေးနေစဉ် အောက်စီဂျင်ပြတ်လပ်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအထူးရေတပ်က ရေငုပ်သမားဟောင်းသည် သေဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၆ ရက်တွင် ပြောကြားခဲ့သည်။

ရေနစ်မြှပ်နေသော လှိုဏ်ဂူ၏ အတွင်းပိုင်း နက်ရှိုင်းနေသောနေရာမှ ၎င်းတို့ကို ဆွဲထုတ်ရန် ကယ်ဆယ်ရေးလုပ်ငန်းစဉ်၏ အန္တရာယ်ကြီးမားပုံကို ယခုသေဆုံးမှုက မီးမောင်းထိုးပြလျက်ရှိပြီး အလားတူနည်းလမ်းဖြင့် လူငယ်များကို ဆွဲထုတ်ရန် အလားအလားနှင့် ပက်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာစေခဲ့သည်။ “အကူအညီပေးဖို့စေတနာ့ဝန်ထမ်း ပါဝင်ဆောင်ရွက်ပေးနေတဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်းဟာ မနေ့ညက နံနက် ၂ နာရီလောက်မှာ သေဆုံးသွားခဲ့ပါတယ်”ဟု ချင်းရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ပါဆက်ကွန်းဘွန်ယာလက်က လှိုဏ်ဂူဝတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ဝမ်းနည်းစရာသတင်းဟု ဆိုခဲ့သည်။

ဆာမန်ကူနွန့်ဟု ဖော်ထုတ်နိုင်ခဲ့သည့် ရေငုပ်သမားသည် ဇူလိုင်လ ၂ ရက်တွင် သမ်းလူယန်ဂူထဲ၌ လူငယ်များကို ရှာတွေ့သည့်နေရာမှ ပြန်လာရာတွင် အောက်စီဂျင် ပြတ်လပ်သွားခဲ့ခြင်း ဖြစ်သည်။ “အပြန်လမ်းမှာ သူက သတိမေ့သွားခဲ့တာ ဖြစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း သူအပြင်ထွက်ရာမှာ ကူညီဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့လူတစ်ယောက် ဆုံးရှုံးခဲ့ရပေမယ့်လည်း ကျွန်တော်တို့ရဲ့ကယ်ဆယ်ရေး လုပ်ငန်းကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ယုံကြည်ထားပါတယ်” ဟု ထိုင်းအထူးရေတပ်က ဒုတိယဗိုလ်မှူးကြီး အပါကွန်ယိုကောင်ကူးက ပြောကြားခဲ့သည်။ အတွေ့အကြုံရင့် ရေငုပ်သမားတစ်ဦးပင် လှိုဏ်ဂူအပြင်သို့ ပြန်ထွက်ရန် မလွယ်ကူသည့်အနေအထားတွင် ကလေးများ ဘေးကင်းစွာ ပြန်ထွက်နိုင်မည်လားဟု သူ့ကိုမေးမြန်းခဲ့ရာ ကလေးများနှင့်ဆိုလျှင် ပိုမို သတိထားရမည်ဟု သူကပြန်လည် ဖြေကြားခဲ့သည်။