ထိုင်းနိုင်ငံ ဖူးခက်ကမ်းလွန်တွင် သင်္ဘောမှောက်ရာ တရုတ်ခရီးသည်များ ဒါဇင်နှင့်ချီလျက် ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဖူးခက်ကမ်းလွန်တွင် သင်္ဘောမှောက်ရာ တရုတ်ခရီးသည်များ ဒါဇင်နှင့်ချီလျက် ပျောက်ဆုံးနေ
Published 6 July 2018

ဇူလိုင် ၅ ရက်က သင်္ဘောမှောက်ရာမှ ကယ်တင်လာသည့် ခရီးသည်များကို ဖူးခက်ရှိ ဆိပ်ကမ်း အဆောက်အအုံတစ်ခု၌ တွေ့ရစဉ် (Photo: AFP)

ကမ္ဘာလှည့်ခရီးသည်များ အပန်းဖြေရာဖြစ်သည့် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း ကမ်းလွန်တွင် လေပြင်းတိုက်ခတ်ပြီး လှိုင်းကြမ်းသောကြောင့် သင်္ဘောတစ်စင်း မှောက်ခဲ့ရာ တရုတ်ခရီးသည်များ အဓိက ပါဝင်သည့် ဒါဇင်နှင့်ချီသော လူများ ပျောက်ဆုံးလျက် ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ဇူလိုင် ၅ ရက်ညတွင် ထုတ်ပြန်ခဲ့သည်။

ခရီးသည်ပေါင်း ၉၀ ဦးခန့်ကို တင်ဆောင်လာသည့် သင်္ဘောသည် ကြီးမားလှသော လှိုင်းလုံးကြီးများ ရိုက်ခတ်မှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ပြီး တစ်ညလုံး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖူးခက်တောင်ပိုင်း အုပ်ချုပ်ရေးမှူး နိုရာဖတ်ပလောက်သွန်းက ခရီးသည် ထက်ဝက်ကျော်ဖြစ်သော လူပေါင်း ၄၉ ဦးသည် အကူအညီ လိုအပ်နေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသင်္ဘောများ အခင်းဖြစ်ပွားရာသို့ အလျင်အမြန် သွားရောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အမည်မဖော်လိုသည့် ဒုတိယမြောက် ဒေသခံအရာရှိ တစ်ဦးက ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ပျောက်ဆုံးနေသည့် လူပေါင်း ၄၉ ဦးကို တွေ့ရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဖူးခက်ရှိ ဆိပ်ခံတံတားတွင် ရိုက်ကူးထားသော ဗီဒီယိုဖိုင်များ၌ မူးမေ့ သတိလစ်နေသော ခရီးသည်များကို စောင်များဖြင့် ပတ်ထားပြီး ဆေးဝန်ထမ်းများက ဒဏ်ရာများကို ကုသပေးနေစဉ် အမျိုးသမီးများစွာတို့ အော်ဟစ်ငိုယိုနေသည်ကို တွေ့ရှိရသည်။

ညနေ ၄ နာရီခန့်တွင် သင်္ဘောသည် ကိုရာချာမှ ဖူးခက်သို့ ပြန်လာစဉ် မုန်တိုင်းမိခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကပ္ပတိန် ဆမ်ဂျင်းဘွန်းသမ်က ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

သူက သင်္ဘောသည် ငါးမီတာ အမြင့်ရှိ သော လှိုင်းများနှင့်တိုက်မိပြီး ရေများသည် သင်္ဘောအတွင်းသို့ ဝင်ရောက်ခဲ့ရာ ဖြေးညှင်းစွာ တိမ်းမှောက်သွားခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ခရီးသည်များကို အသက်ကယ်အင်္ကျီများ ဝတ်ရန်နှင့် လေမှုတ်သွင်းရသော အသက်ကယ် ဖောင်များကို အသင့်ပြင်ရန် သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဒါကြောင့် ကျွန်တော်က တစ်ယောက်ကိုလွှတ်ပြီး သူတို့ကို အသက်ကယ်အင်္ကျီ ဝတ်ခိုင်းပါတယ်။ ဥရောပနွယ်ဖွား နှစ်ဦးကလွဲလို့ သူတို့အားလုံးဟာ တရုတ် ခရီးသည်တွေပါ” ဟု သင်္ဘောကပ္ပတိန်က ပြောကြားခဲ့သည်။

ဖူးခက်သည် နေစာလှုံမည့် အနောက်တိုင်းသားများနှင့် တရုတ်ခရီးသည်များ အပါအဝင် ပြည်ပဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာဖြစ်ပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်ပေါင်း ၃၅ သန်း လာရောက်မည်ဟု မျှော်လင့်ရသည်။

အုပ်ချုပ်ရေးမှူး နိုရာဖတ်က ဖူးခက်မှ အာဏာပိုင်များသည် ဇူလိုင် ၄ ရက်က မုန်တိုင်းများ ကျရောက်တော့မည်ဖြစ်ကြောင်း အများပြည်သူကို သတိပေးလျက် မိုးလေဝသ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဒီညနေမှာ လေပြင်းတွေ ကျပါတယ်။ ဇိမ်ခံသင်္ဘော ၁၀ စင်းလောက် ပင်လယ်ထဲမှာ ရှိနေပြီး ရဲတပ်ဖွဲ့နဲ့ ရေတပ်က ကယ်ဆယ်ရေးသင်္ဘောတွေ သွားရောက်ခဲ့ပါတယ်”ဟု လည်း နိုရာဖတ်က ဆိုသည်။

Most Read

Most Recent