ထိုင်းဂူထဲမှကလေးများအား အပြင်သို့ကယ်ထုတ်ရန် စွန့်စားမည်မဟုတ်ဟု ကယ်ဆယ်ရေးများက ကတိပြု

ထိုင်းဂူထဲမှကလေးများအား အပြင်သို့ကယ်ထုတ်ရန် စွန့်စားမည်မဟုတ်ဟု ကယ်ဆယ်ရေးများက ကတိပြု
Published 5 July 2018

ဂူထဲရှိ လူငယ်များအဖွဲ့၏ ဗီဒီယိုအား ပြသနေမှုကို ဇူလိုင် ၄ ရက်တွင် ၎င်းတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများက ကြည့်ရှုနေကြစဉ် (Photo: AP)

ထိုင်းနိုင်ငံမြောက်ပိုင်း ချန်ရိုင်းပြည်နယ်မှ တစ်စိတ်တစ်ပိုင်း ရေလွှမ်းနေသော ဂူထဲမှ အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့သည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြဖြစ်သူတို့အား အပြင်သို့ ရွှေ့ပြောင်းကယ်ထုတ်ရာတွင် မည်သည့်စွန့်စားမှုမျှ ပြုလုပ်မည်မဟုတ်ကြောင်း ထိုင်းကယ်ဆယ်ရေးများက ဇူလိုင် ၄ ရက်တွင် ကတိပြုခဲ့သည်။ ထိုလူငယ်အဖွဲ့က ၎င်းတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း ပြောကြားထားသည့် မှတ်တမ်းဗီဒီယိုဖိုင်သစ်ကို ထိုင်း Navy SEAL က ထုတ်ပြန်ခဲ့ချိန်တွင် ကယ်ဆယ်ရေးများက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရမှသာ ထိုလူငယ်အဖွဲ့အား ရွှေ့ပြောင်းပေးမည်ဟု အာဏာပိုင်များက အခိုင်အမာ ပြောကြားခဲ့သည်။ ထိုလူငယ်များအား မရွှေ့ပြောင်းမီ မည်သည့်စွန့်စားရမှု အန္တရာယ်မျှမရှိကြောင်း ရာနှုန်းပြည့် ယုံကြည်စိတ်ချမှုရှိရမည်ဖြစ်ကြောင်း ချန်ရိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး နာရောင်ဆက်အိုဆော့တာနာကွန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုဂူထဲ၌ ဖုန်းလိုင်းတပ်ဆင်ရန် ကြိုးပမ်းမှုများသည် ဇူလိုင် ၃ ရက်ညတွင် မအောင်မြင်ခဲ့သော်လည်း စားစရာ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများကိုမူ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို ၁၃ ဦးစလုံးအား ဂူပြင်သို့ အမြန်ဆုံးကယ်ထုတ်နိုင်ရန် လိုလားကြောင်း၊ သို့သော် အချိန်နှင့်ရက်ကို အတိအကျ မသတ်မှတ်လိုကြောင်း စစ်အစိုးရဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ပြောကြားခဲ့သည်။

ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မိသားစုဝင်များထံ ပျော်ရွှင်အားတက်စေမည့် သတင်းစကားပေးပို့မှုအဖြစ် ထိုလူငယ် ၁၁ ဦးနှင့် ၎င်းတို့၏နည်းပြဖြစ်သူတို့က ကင်မရာကို မျက်နှာမူလျက် ထိုင်းရိုးရာဖြင့် တစ်ဦးချင်းစီနှုတ်ဆက်ပြီး အမည်ပြောင်များဖြင့် မိတ်ဆက်ခဲ့ကာ ကျန်းမာရေးကောင်းမွန်ကြောင်း တစ်ဦးချင်းစီ ပြောကြားခဲ့သည်ဟု ထိုင်း Navy SEAL က Facebook တွင် တင်ခဲ့သော ထိုဗီဒီယိုအပိုင်းသစ်၌ တွေ့ရှိခဲ့ရသည်။

တစ်မိနစ်ကြာမြင့်ခဲ့သော ထိုဗီဒီယိုအပိုင်းတွင် လူငယ်ဘောလုံးသမား ၁၂ ဦးအနက် တစ်ဦးဖြစ်သူက သူ့ကိုယ်သူ မိတ်ဆက် စကားပြောရန် မေ့ကျန်ခဲ့ကြောင်း ပြောကြားခဲ့ရာ အားလုံးက ဝိုင်းရယ်လျက် အဆုံးသတ်ထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ အရှည်ဆုံး လိုဏ်ဂူတစ်ခုထဲတွင် ရှုပ်ထွေး ကျယ်ပြန့်သော ကယ်ဆယ်ရေး၌ အောင်မြင်မှုရှိစေရန် စောင့်ဆိုင်းနေရသူများအတွက် ထိုဗီဒီယိုအပိုင်းသစ်က ပျော်ရွှင်စရာ ဖြစ်စေခဲ့သည်။

ဂူအပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ပျောက်ဆုံးလူငယ်များအနက် တစ်ဦးဖြစ်သူ၏ မိခင်ဖြစ်သူက တီဗီဖန်သားပြင်တွင် ပြသခဲ့သော ထိုဗီဒီယိုအပိုင်းသစ်၌ ၎င်း၏သားဖြစ်သူကို ဖျတ်ခနဲမြင်တွေ့လိုက်ရသဖြင့် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ “သူက နည်းနည်းပိန်သွားတယ်” ဟု ထိုအမျိုးသမီးက ၎င်း၏သားဖြစ်သူ၏ ပုံရိပ်ကို လက်ညှိုးထိုးလျက် ပြောကြားခဲ့သည်။

ရေလွှမ်းနေဆဲဖြစ်ပြီး မုတ်သုံမိုးကလည်း မကြာမီ ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားကြချိန်တွင် ထိုလူငယ်များအဖွဲ့အား ဂူပြင်သို့ ပြန်ထုတ်နိုင်ရန်မှာ ရှည်ကြာနိုင်ပြီး စွန့်စားရမှု အန္တရာယ်များဖြင့် အတိပြီးနေဖွယ်ရှိသည်။

လာမည့်ရက်ပိုင်းအတွင်း ရာသီဥတု ဆိုးရွားလာနိုင်ခြင်းကြောင့် တာဝန်ရှိသူများကလည်း ဂူထဲမှ ရေများကို အချိန်ပြည့် စုပ်ထုတ်နေသည်။ Navy SEAL မှ ရေငုပ်သမား အများအပြားကလည်း ဆေးဘက်အဖွဲ့နှင့် ပူးပေါင်းလျက် ထိုလူငယ်အဖွဲ့နှင့်အတူ ရှိနေမည်ဟု ကတိပြုခဲ့ကြသည်။

Ref: AFP

Most Read

Most Recent