<

ဆီးရီးယားတောင်ပိုင်းတွင် ပြင်းထန်သောတိုက်ပွဲကြောင့် လူ ၂၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးရ

ဆီးရီးယားအစိုးရ၏ ဗုံးကြဲမှုများကြောင့် တောင်ပိုင်း ဒါရာပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား တွေ့ရစဉ် (Photo -AFP)

ဆီးရီးယားတောင်ပိုင်းတွင် ရုရှားကျောထောက်နောက်ခံပြု အစိုးရတပ်ဖွဲ့ဝင်များ၏ ပြင်းထန်သည့်တိုက်ပွဲကြောင့် လူ ၂၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း၊ ယင်းသည် ခုနစ်နှစ်ကြာပြီဖြစ်သည့် စစ်ပွဲအတွင်း အရပ်သားများ နောက်ဆုံးအစုအလိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အစိုးရတပ်ဖွဲ့ဝင်များနှင့် ရုရှားမဟာမိတ်များက လေကြောင်းတိုက်ခိုက်မှု၊ ဒုံးကျည်ပစ်ခတ်မှုနှင့် စည်ပိုင်းဗုံးများနှင့် သီတင်းနှစ်ပတ်ခန့်အကြာ တိုက်ခိုက်ခဲ့မှုကြောင့် ဆီးရီးယားတောင်ပိုင်းရှိ သူပုန်ထိန်းချုပ်ထားသည့် ဒေသများသည် ဖွတ်ဖွတ်ကြေ ပျက်စီးခဲ့သည်။

မဟာဗျူဟာကျသောဒေသကို ပြီးခဲ့သည့် တစ်နှစ်ခန့်တွင် အမေရိကန်၊ ဂျော်ဒန် နှင့် ရုရှားတို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုဖြင့် ကာကွယ်ခဲ့သော်လည်း သမ္မတ ဘာရှားအယ်အာဆတ်က ယင်းဒေသကို ပြန်လည်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။

ပြင်းထန်သည့်တိုက်ပွဲကြောင့်ကြောက် လန့်တကြားဖြစ်နေသောအရပ်သားများသည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်ဟု UNHCR က ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဆီးရီးယားတောင်ပိုင်းမှာ အိုးအိမ်စွန့် ခွာ ထွက်ပြေးတဲ့အရေအတွက် ၂၀၀,၀၀၀  ရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ့်  စာရင်းပြုစုတဲ့ အချိန်မှာ ၂၇၀ç၀၀၀ ကျော်အထိ ရှိလာတယ်” ဟ UNHCR ၏ ပြောခွင့်ရပုဂ္ဂိုလ် အမ်မန်မိုဟာမက်ဟာဝါရီက ပြောကြားခဲ့သည်။

ဆီးရီးယားတောင်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ၎င်းင်းက ပြောကြားခဲ့သည်။ ကုလသမဂ္ဂ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးရုံး၏ ထုတ်ပြန်ချက်အရ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့သူများထဲမှ ၇၀,၀၀၀ သည် ဂျော်ဒန်နှင့်ထိစပ်နေသည့် နယ်နိမိတ်တစ်လျှောက်တွင် ခိုလှုံခွင့်တောင်းခံခဲ့သည်ဟု သိရသည်။

နယ်စပ်ကို ပိတ်ဆို့ထားသည့် ဂျော်ဒန်နိုင်ငံက ခိုလှုံခွင့်ပေးထားသည့် ဆီးရီးယားဒုက္ခသည် ၆၅၀,၀၀၀ ကျော်ထက်ပိုပြီး လက်ခံနိုင်စွမ်းမရှိဟု ငြင်းဆိုခဲ့ပြီး ယင်းအစား စစ်ကြောင့် ပျက်စီးနေသည့် အိမ်နီးချင်းနိုင်ငံအတွက် အကူအညီပေးပို့ခဲ့သည်။

အစ္စရေးနိုင်ငံကလည်း နယ်စပ်ဒေသကို ပိတ်ထားမည်ဟု ကတိပြုခဲ့သော်လည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့သူများထဲမှ ထောင်ပေါင်းများစွာသည် အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်သို့ ဦးတည်သွားရောက်ခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် မြို့တော်ဒမတ်စကတ်ကို ကာကွယ်နိုင်ခဲ့ပြီးနောက် အာဆတ်က တောင်ပိုင်းကို ဦးတည်ခဲ့ပြီး သူပုန်ထိန်းချုပ်ထားသည် မြို့များကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရသည်  မဟာမိတ်ရုရှားမှတစ်ဆင့် သူပုန်အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး သူပုန်များက ၎င်းတို့ထိန်းချုပ်ထားသည့် ပိုင်နက်များကို လွှဲပြောင်းပေးပါက ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်နားမည်ဟု ကမ်းလှမ်းခဲ့သည်။

Ref ; AFP

July 3, 2018














Copy Protected by Chetan's WP-Copyprotect.