ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် ဘတ်ဂျက်ကို ဒေါ်လာ ၆ ဒသမ ၇ ဘီလျံ ချပေးရန် ကုလသမဂ္ဂက အတည်ပြု

ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအတွက် ဘတ်ဂျက်ကို ဒေါ်လာ ၆ ဒသမ ၇ ဘီလျံ ချပေးရန် ကုလသမဂ္ဂက အတည်ပြု
Published 3 July 2018

ဇန်နဝါရီ ၁၂ ရက်က ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ကုလသမဂ္ဂမစ်ရှင်မှ ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo - AFP)

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသည် ဇူလိုင် ၁ ရက်က ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းတို့အတွက် ဘတ်ဂျက်ကို ဒေါ်လာ ၆ ဒသမ ၇ ဘီလျံနီးပါးချပေးရန် အတည်ပြုခဲ့သည်ဟု သံတမန်ရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ အတွက်ဘတ်ဂျက်ကို ဒေါ်လာ ၆ ဒသမ ၆၈၉ ဘီလျံဖြင့် အတည်ပြုလိုက်သည်ဟု သတင်းရင်းမြစ်နှစ်ခုက အတည်ပြုပြောကြားခဲ့ပြီး ယင်းသည် ကျွမ်းကျင်သူအဖွဲ့က အကြံဉာဏ်ပေးသည့် ပမာဏထက် ဒေါ်လာ ၁၂၂ သန်း ပိုနည်းသည်ဟု သိရသည်။ ထို့ပြင် ယမန်နှစ်က ဘတ်ဂျက် ဒေါ်လာ ၇ ဒသမ ၃ ဘီလျံ က်လည်း သန်း ၆၀၀ ကျော် ပိုနည်းနေသည်။

ယမန်နှစ်က ဘတ်ဂျက်သည် မူလက  ဒေါ်လာ ၆ ဒသမ ၈ ဘီလျံဖြင့် အတည်ပြုခဲ့ ခြင်းဖြစ်သည်။ သို့သော် ဒီဇင်ဘာလတွင် ဟေတီနှင့် ဆူဒန်ရှိ ဒါဖာဒေသတို့မှ မစ်ရှစ်တို့အတွက် ဒေါ်လာသန်း ၅၀၀ ထပ်ရခဲ့ ခြင်းဖြစ်သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းမှ မစ်ရှင် ၁၄ ခုအတွက် ငြိမ်းချမ်းရေးထိန်းသိမ်းသည့် တပ်ဖွဲ့ဝင် ၁၀၀၀၀၀ ကျော်ကို ကုလသမဂ္ဂက စီမံနေသည်။ ယခုအတည်ပြုလိုက်သည့် ဘတ်ဂျက်ကို ဇူလိုင် ၁ ရက် သို့မဟုတ် ၂ ရက် နှောင်းပိုင်းတွင် အထွေထွေညီလာခံ၌ တရားဝင်အတည်ပြုပေးမည် ဖြစ်သည်။

အရေးကြီးဆုံးနှင့် ငွေကုန်ကြေးကျ အများဆုံးမစ်ရှင်များမှာ တောင်ဆူဒန်၊ ဒီအာကွန်ဂိုနှင့် မာလီတို့ဖြစ်ပြီး ယင်းမစ်ရှင်တစ်ခုချင်းစီသည် တစ်နှစ်လျှင် ဒေါ်လာ တစ်ဘီလျံကျော်စီ ကုန်ကျသည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများအတွက် ဘတ်ဂျက်သည် ဒီဇင်ဘာလက ကြေညာခဲ့သော ကုလသမဂ္ဂ လုပ်ငန်းလည်ပတ်ရေး ဘတ်ဂျက်နှင့် သီးခြားစီဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ငြိမ်းချမ်းရေးထိန်း သိမ်းမှုလုပ်ငန်းများအတွက် ထိပ်တန်းထောက်ပံ့ငွေထည့်ဝင်သည့် နိုင်ငံများမှာ အမေရိကန် (၂၈ ဒသမ ၅ ရာခိုင်နှုန်း)တရုတ် ( ၁၀ ဒသမ ၃ ရာခိုင်နှုန်း) နှင့် ဂျပန် ( ၉ ဒသမ ၇ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။

မတ်လကမူ ကုလသမဂ္ဂဆိုင်ရာအမေရိ ကန်သံအမတ် နစ်ကီဟာလေက အခြားနိုင်ငံများကို ထောက်ပံ့ငွေတိုးမြှင့်ထည့်ဝင်ကြရန် တိုက်တွန်းခဲ့ပြီး အမေရိကန်၏ ကုလသမဂ္ဂသို့ ထောက်ပံ့ငွေထည့်ဝင်မှုကို ၂၅ ရာခိုင် နှုန်းသို့ လျှော့ချမည်ဟုလည်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂသို့ အမေရိကန်၏အလှူငွေကို ၂၅ ရာခိုင်နှုန်းထားရှိရန် ၁၉၉၀ ပြည့် ကတည်းက အမေရိကန်ဥပဒေထဲတွင် ပြဋ္ဌာန်းထားသည်။ သို့သော် အစိုးရ၏ တောင်းဆိုမှုကြောင့် ကွန်ဂရက်သည် ယခင်က သက်ညှာ ခွင့်ပေးထားခြင်း ဖြစ်သည်။

လက်ရှိသမ္မတဒေါ်နယ်ထရန့်၏ အစိုးရ လက်ထက်တွင် ကုလသမဂ္ဂအလှူငွေနှင့် ပတ်သက်၍ တင်းမာသော သဘောထားရှိပြီး ထောက်ပံ့ငွေများကို လျှော့ချခြင်း၊ ကုလသမဂ္ဂကိုလည်း  စရိတ်ချွေတာသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တွန်းအားပေးခြင်းတို့ လုပ်ဆောင်နေသည်။

Ref; AFP

Most Read

Most Recent