မြောက်ကိုရီးယား နျူကလီးယားစီမံကိန်းအား တစ်နှစ်အတွင်း ဖျက်သိမ်းရန်အစီအစဉ်ရှိဟု အမေရိကန်ပြောကြား

မြောက်ကိုရီးယား နျူကလီးယားစီမံကိန်းအား တစ်နှစ်အတွင်း ဖျက်သိမ်းရန်အစီအစဉ်ရှိဟု အမေရိကန်ပြောကြား
Published 3 July 2018

ဇွန် ၁၂ ရက်က စင်ကာပူတွင် သမိုင်းဝင်ထိပ်သီးအပြီး၌ အမေရိကန်သမ္မတ ထရန့် (ယာ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ဝဲ) ကို တွေ့ရစဉ် (Photo - AFP)

အမေရိကန်နှင့် မြောက်ကိုရီးယားတို့သည် အလုပ်သဘောအဆင့် ဆွေးနွေးပွဲများအား ပြန်လည်စတင်စဉ် မြောက်ကိုရီးယား၏ များပြားလှသော နျူကလီးယားလက်နက် စီမံကိန်းများကို တစ်နှစ်အတွင်း ဖျက်သိမ်း   နိုင်သည်ဟု ၎င်းက ယုံကြည်ကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန်က ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ပြုံယမ်းကသာ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုနှင့် ထုတ်ပြန်မှု ပြုလုပ်ပါက မြောက်ကိုရီးယား၏ ဖျက်အားပြင်းသော ဓာတု၊ ဇီဝနှင့် နျူကလီးယားလက်နက်များ၊ ပဲ့ထိန်းဒုံးစီမံကိန်းများကို တစ်နှစ်အတွင်း ဖျက်သိမ်းနိုင်သည့် အစီအစဉ်များ အမေရိကန်တွင်ရှိကြောင်း ဘိုတန်က CBS  ၏ face the Nation အစီအစဉ်သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကိုယ်တိုင်က ယင်းကဲ့သို့ လုပ်ဆောင်ရန်အတွက် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များ ချမှတ်ထားပြီး ပူးပေါင်းဆောင်ရွက်ပါက ထိုအစီအစဉ်များကို အလွန်လျင်မြန်စွာ လုပ်ဆောင်နိုင်ကြောင်း ဘိုတန်က ပြောကြားခဲ့သည်။

ထိုအဆိုပြုချက်နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် မြောက်ကိုရီးယားနှင့် မကြာမီဆွေးနွေးသွားဖွယ်ရှိဟု ဘိုတန်က ပြောကြားခဲ့သည်။ ပွန်ပီယိုသည် ယခုသီတင်းပတ်တွင် မြောက်ကိုရီးယားသို့ သွားရောက်ဖွယ်ရှိသည်ဟု Financial Times က ဖော်ပြခဲ့သော်လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ထိုခရီးစဉ် အကြောင်းကို အတည်မပြုခဲ့ပေ။

ပွန်ပီယို၏ မြောက်ကိုရီးယားခရီးစဉ်အတွက် ညှိနှိုင်းဆောင်ရွက်ရန် ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန်သံအမတ် ဆန်ကင်သည် မြောက်ကိုရီးယားတာဝန်ရှိသူများကို ကိုရီးယားနှစ်နိုင်ငံအကြား စစ်မဲ့ဇုန်ရှိ ပန်မန်ဂျွန် ကျေးရွာတွင် ဇူလိုင် ၁ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ကြသည်။

မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များအား တစ်နှစ်အတွင်း ဖျက်သိမ်းနိုင်ကြောင်း ဘိုတန်၏ အကောင်းမြင်မှုနှင့် ပတ်သက် ၍ ကျွမ်းကျင်သူအချို့က စောဒက တက်ခဲ့ကြသည်။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်များအား တစ်နှစ်အတွင်း ဖျက်သိမ်းနိုင်ခြေရှိကြောင်း၊ သို့သော် ထိုအပြည့်အဝဖျက်သိမ်းမှုအား စိစစ်အတည်ပြုနိုင်ခြေမရှိကြောင်း၊ ထို့ပြင် နျူကလီးယား လက်နက်များအား အပြည့်အဝဖျက်သိမ်းပစ်မည်ဟု မြောက်ကိုရီးယားထံမှ ခိုင်မာသော ဆုံးဖြတ်ချက်ကို အထောက်အထား မတွေ့ရသေးကြောင်း အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားလက်ထက် နိုင်ငံခြားရေးဌာန၏ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူ သောမတ်စ်ကန်ထရီးမန်းက ထောက်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ဒုံးထုတ်လုပ်သည့် အဓိကစက်ရုံတစ်ခုအား တိုးချဲ့မှုပြီးစီးခဲ့ပြီဖြစ်ကြောင်း ဆန်ဖရန်စစ္စကိုအခြေစိုက် Planet Labs Inc မှ ဂြိုဟ်တုဓာတ်ပုံသစ်များအား စစ်ဆေးခဲ့သည့် ပညာရှင်များအား ကိုးကား၍ Wall Street ဂျာနယ်က ဇူလိုင် ၁ ရက်တွင် ဖော်ပြခဲ့သည်။ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ပြီးခဲ့သောလတွင် သမိုင်းဝင်ထိပ်သီးကျင်းပနေသည့်ကာလ၌ ထိုစက်ရုံ၏ အပြင်ပိုင်းတည်ဆောက်မှု ပြီးစီးခဲ့ကြောင်း ကယ်လီဖိုးနီးယားရှိ Middle bury Institute of International Studies မှ ဂြိုဟ်တုပုံရိပ်များကို သုံးသပ်ထုတ်ပြန်ခဲ့ကြောင်း ထိုသတင်းစာက ဖော်ပြခဲ့သည်။

Ref ; Reuters

Most Read

Most Recent