ဒူတာတေး၏ စာရင်းထဲ၌ပါသည့် ဖိလစ်ပိုင်မြို့တော်ဝန်ပစ်သတ်ခံရ

ဒူတာတေး၏ စာရင်းထဲ၌ပါသည့် ဖိလစ်ပိုင်မြို့တော်ဝန်ပစ်သတ်ခံရ
Published 3 July 2018

၂၀၁၆ ခုနှစ် ဇွန် ၁၈ ရက်က တာနူအန်အားကစားရုံမှ ထွက်ခွာလာသော မြို့တော်ဝန်ဟာလီလီ (လယ်) ကို တွေ့ရစဉ် (Photo - AFP)

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုရှိသော အစိုးရ အရာရှိများစာရင်း၌ပါသည့် မြို့တော်ဝန်တစ်ဦးသည် ဇူလိုင် ၂ ရက်က နေ့ခင်းကြောင်တောင် အခမ်းအနားတစ်ခုအတွင်း လက်ဖြောင့်သေနတ်သမား၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်ဟု ရဲများက ထုတ်ပြန်ခဲ့သည်။

မြို့တော်မနီလာတောင်ပိုင်း တာနူအန်ရှိ မြို့တော်ခန်းမ၌ အပတ်စဉ်ပြုလုပ်နေကျ အလံလွှင့်ထူရေးအခမ်းအနားအတွင်း မြို့တော်ဝန် အန်တိုနီယိုဟာလီလီသည် အဝေးမှပစ်လိုက်သည့် ကျည်တစ်ချက်ရင်ဘတ်သို့မှန်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ပစ်ခံရပြီးနောက် လူများသည် အလန့်တကြားနှင့် အော်ဟစ်ခဲ့ကြပြီး မြို့တော်ဝန်၏လုံခြုံရေး အဖွဲ့ဝင်များက သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြသည်ဟု ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ သို့သော် သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဟာလီလီမှာ သေဆုံးသွားပြီဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ခဲ့သည်။

ထိုပစ်ခတ်မှုသည် မီတာ ၁၅၀ ( ၄၉၀ ပေ) အကွာမှ ပစ်လိုက်ခြင်းဖြစ်ကြောင်း တာနူအန် ရဲချုပ်ရီနာတိုမာဆယ်ဒိုက ပြောကြားခဲ့သည်။ “ဒီအကွာအဝေးကနေ ပစ်လိုက်တာဟာ အံ့မခန်းဖြစ်စဉ်ပါ။ သာမန်လူတစ်ဦးက ဘယ်လိုမှ လုပ်လို့မရပါဘူး။ သေနတ်သမားရဲ့ လက်ရည်ဟာ လေ့ကျင့်ထားတဲ့ လက်ဖြောင့်တစ်ဦးကို ယှဉ်လို့ရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အငြင်းပွားစရာပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဟာလီလီသည် ကိုယ့်ကိုယ်ကို ဒူတာတေးနှင့် နှိုင်းယှဉ်ပြောကြားကာ ရာဇဝတ်မှု၊ မူးယစ်ဆေးများနှင့် ပတ်သက်ပြီး ဒူတာတေး၏ တင်းမာသော သဘောထားများကိုလည်း လူသိရှင်ကြား မျှဝေခဲ့သူဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင်မူ ဟာလီလီ၏အမည်သည် ဒူတာတေးက ထုတ်ပြန်ခဲ့သော မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်မှုရှိသည့် အစိုးရအရာရှိများစာရင်းတွင် ပါဝင်လာခဲ့သည်။ ဟာလီလီသည် ထိုစာရင်းတွင် ပါဝင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့အား ထိန်းချုပ်ခွင့် ရုပ်သိမ်းခံလိုက်ရသည်။ သို့သော် ဟာလီလီက  ၎င်းသည် မူးယစ်ဆေးနှင့်မည်သို့မျှ ဆက်နွှယ်မှုမရှိဟု ငြင်းဆိုနေခဲ့သည်။

ဒူတာတေး၏ စာရင်းတွင် ပါဝင်သော အခြားမြို့တော်ဝန်သုံးဦးမှာလည်း ပစ်သတ်ခံခဲ့ရပြီးဖြစ်ကာ တစ်ဦးမှာအကျဉ်းထောင်၌ ရှိနေစဉ်မှာပင် အသတ်ခံရခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တို့သည် ထိုကဲ့သို့ ပြည်တွင်းနိုင်ငံရေးသမားများ အခါအားလျော်စွာ အသတ်ခံနေရသည်ကို မြင်တွေ့နေကျဖြစ်သော်လည်း ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း အသတ်ခံရမှုက ဒေါသထွက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ “ဒါဟာ အစိုးရရဲ့ မူးယစ်ဆေးစစ်ပွဲမှာ နောက်ထပ်တရားလက်လွတ် သတ်ဖြတ်မှုဆိုတာ ထင်ရှားနေပါတယ်” ဟု အတိုက်အခံခေါင်းဆောင် ဆီးနိတ်အမတ် ဖရန်စစ် ပန်ဂျီလီနန်က ပြောခဲ့သည်။

ဒူတာတေး၏ မူးယစ်ဆေးစစ်ပွဲအတွင်း အသတ်ခံခဲ့ရသည့် သံသယရှိသူ ၄၂၀၀ ကျော်ရှိပြီဖြစ်သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည် ။ သို့သော် အမှန်တကယ်အရေအတွက်သည် ထို့ထက် သုံးဆပိုမိုများပြားသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက ပြောခဲ့ကြသည်။

တာနူအန်မြို့ ရဲချုပ်မာဆယ်ဒိုက ဟာလီလီအသတ်ခံရမှုသည် တရားမဝင်မူးယစ်ဆေးဝါး စွပ်စွဲမှုများနှင့် ဆက်စပ်နေနိုင်သည်ဟု ဆိုသည်။ ဒူတာတေး၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာရီရော့က ဟာလီလီပစ်သတ်ခံရမှုကို ပြစ်တင်ခဲ့ပြီး ဟာလီလီသည် တိုးတက်မှုအရှိဆုံး မြို့တစ်မြို့၏ မြို့တော်ဝန်ဖြစ်သည်ဟု ချီးမွမ်းခဲ့သည်။

Ref; AFP

 

 

Most Read

Most Recent