ဂျပန်၏ နာမည်ကျော် အာဆီမိုစက်ရုပ်ကို ဟွန်ဒါက အနားပေးဖွယ်ရှိ

ဂျပန်၏ နာမည်ကျော် အာဆီမိုစက်ရုပ်ကို ဟွန်ဒါက အနားပေးဖွယ်ရှိ
Published 1 July 2018

Photo : AFP

အမေရိကန် သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် ဘောလုံးကစားခဲ့ပြီး ဂျာမန်ခေါင်းဆောင် အင်ဂျလာမာကယ်နှင့် အတူကခဲ့သော ဂျပန်စက်ရုပ် အာဆီမိုကို ဟွန်ဒါကုမ္ပဏီက အနားပေးဖွယ်ရှိနေသည်။ ၂၀၀၀ ပြည့်နှစ်က စတင်မိတ်ဆက်ခဲ့သော လူတူစက်ရုပ်အာ ဆီမိုသည် ဂျပန်၏ အကျော်ကြားဆုံး စက်ရုပ် ဖြစ်လာခဲ့ပြီး ဧည့်သည်တော် နိုင်ငံရေးသမား များစွာကို နှစ်ပေါင်းများစွာ ဧည့်ခံလာခဲ့သည်။

သို့သော်လည်း အာဆီမိုစက်ရုပ်၏ အနာဂတ်မျိုးဆက်ကို ဖျက်သိမ်းဖွယ်ရှိကြောင်း ဟွန်ဒါက ဇွန် ၂၈ ရက်တွင် ကြေညာခဲ့သည်။ အာဆီမိုသည် ယခုအခါ သတ္တမမြောက် မျိုးဆက်အထိ ရှိခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့ လူတူစက်ရုပ်တွေကို ဆက်လက်သုတေသန ပြုသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် စက်ရုပ်တွေကို အာဆီမိုလို့ အမည်ပေးဖွယ် မရှိပါဘူး” ဟု ဟွန်ဒါ၏ ပြောခွင့်ရပုဂ္ဂိုလ် ဟာဂျီမီကာနေကိုက ပြောကြားခဲ့သည်။

ဂျပန်ကားကုမ္ပဏီဟွန်ဒါသည် အာဆီမိုကို ဆက်လက် မထုတ်လုပ်တော့ဘဲ ကမ္ဘာ့အကျော်ကြားဆုံးသော စက်ရုပ်တစ်မျိုးကို ထုတ်လုပ်နေသည့် ယင်းအဖွဲ့အား ဖျက်သိမ်းခဲ့ကြောင်း ဂျပန်ရုပ်သံ NHK က ထုတ်လွှင့်ခဲ့ပြီးနောက် ဟွန်ဒါက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

အာဆီမိုကို ထုတ်လုပ်နေသော အဖွဲ့အား ဖျက်သိမ်းခဲ့သည် ဆိုခြင်းကို ဟွန်ဒါက ငြင်းဆိုခဲ့ပြီး အာဆီမို စက်ရုပ်ကို ထုတ်လုပ်သော အဖွဲ့သည် အထူးပြု အရည်အသွေးများဖြင့် စက်ရုပ်များ ထုတ်လုပ်ရေးကို ပြောင်းရွှေ့ လုပ်ကိုင်သွားဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

“အာဆီမိုကို ထုတ်လုပ်နေတုန်းမှာ ကျွန်တော်တို့ နည်းပညာတွေ အများကြီး ရရှိခဲ့ပါတယ်။ အခုတော့ အဲဒီနည်းပညာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ အဓိကကိစ္စတစ်ခု ဖြစ်လာပါတယ်” ဟု ကာနေကိုက ပြောကြားခဲ့သည်။

သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကို ကူညီနိုင်သော လူတူစက်ရုပ်များကို ဟွန်ဒါက အာရုံစိုက် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များကို ကိုးကားပြီး NHK က ဖော်ပြခဲ့သည်။

အများပြည်သူသို့ မည်သည့် အခါမှ ရောင်းချခဲ့ခြင်း မရှိသော်လည်း အာဆီမိုသည် နိုင်ငံတကာမှ  အာရုံစိုက်မှုကို ရရှိခဲ့သော စက်ရုပ်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် အာဆီမိုသည် အိုဘားမားနှင့် ဘောလုံး ကစားခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်တွင် မာကယ်နှင့် ကခဲ့ဖူးသည်။ ထိုနှစ်မှာပင် သြစတြေးလျဝန်ကြီးချုပ် မယ်ကွန်တန်ဘူးနှင့် အာဆီမိုက ဓာတ်ပုံအတူ တွဲရိုက်ခဲ့သည်။

သတ္တမမြောက် မျိုးဆက်ကို ၂၀၁၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီးနောက် ဟွန်ဒါသည် အာဆီမို စက်ရုပ်မျိုးဆက်သစ်များကို ထုတ်လုပ်ခဲ့ခြင်း မရှိတော့ပေ။ နောက်ဆုံးမျိုးဆက် အာဆီမိုသည် လူသုံးဦး တစ်ပြိုင်နက်တည်း စကားပြောသည်ကို နားထောင် နားလည်နိုင်စွမ်းရှိသော စက်ရုပ်ဖြစ်သည်။

Ref : AFP

Most Read

Most Recent