<

ဂျပန်တွင် Hello Kitty ကျည်ဆန်ရထား စတင်ပြေးဆွဲ

Photo : AP

ဂျပန်ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ထင်ရှားသော ဇာတ်ကောင်ဖြစ်လာခဲ့သည့် Hello Kitty ပုံများနှင့်  အလှဆင်ထားသည့် ကျည်ဆန်ရထားကို ဇွန် ၃၀ ရက်တွင် စတင်ပြေးဆွဲခဲ့ရာတွင် ရာနှင့်ချီသော ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။

အဖြူနှင့် ပန်းရောင်ဖျော့ ကျည်ဆန်ရထားသည်  အိုဆာကာသို့သွားရန် ဖူကူအိုကာရှိ ဟာကာတာဘူတာရုံမှ ထွက်ခွာခဲ့ရာ Hello Kitty ၀တ်စုံအပြည့်အစုံ ၀တ်ဆင်ထားသော မီးရထားတွဲစောင့် တစ်ဦးက လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သည်။ ရထားထွက်ခွာမှုကို လူ ၄၀၀ ခန့်ရှိသည့် လူအုပ်က စောင့်ကြည့်ခဲ့သည်ဟု ပြည်တွင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။

ယင်းကျည်ဆန်ရထားသည် အနောက်ဘက်မြို့များဖြစ်သည့် အိုဆာကာနှင့် ဖူကူအိုကာ အကြား လာမည့် သုံးလအထိ ပြေးဆွဲမည်ဟု West Japan Railway ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ရထားအတွင်းပိုင်းတွင် Hello Kitty ပြုံးရယ်နေသည့်ပုံနှင့် ပြတင်းပေါက်တိုင်းတွင် Hello Kitty ၏  အရိပ်များဖြင့် အလှဆင်ထားသည်။ ရထားတွဲတစ်ခုတွင် ပရိသတ်များ ဆယ်ဖီရိုက်ကူးရန်အတွက် လူတစ်ရပ် အရွယ်အစားရှိသော Hello Kitty အရုပ်တစ်ခုကို ထားပေးခဲ့သည်။

နောက်ထပ်ရထားတွဲ တစ်ခုတွင်မူ ထိုင်ခုံများ မပါဝင်သော်လည်း ပြည်တွင်းစီးပွားရေးနှင့် ခရီးသွားကဏ္ဍကို မြှင့်တင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် လက်ရွေးစင်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ ပါဝင်သည့်  ဒေသတွင်း အထူးထုတ်ကုန်များကို ပေးအပ်မည်ဖြစ်သည်။

၁၉၇၄ ခုနှစ်တွင် Sanrio က မိတ်ဆက်ခဲ့သည့် Hello Kitty ဇာတ်ကောင်သည် ဒေါ်လာဘီလျံနှင့်ချီ ရရှိသော စီးပွားရေး ဖြစ်လာခဲ့ပြီး ယင်းဇာတ်ကောင်၏ပုံကို ကွန်ပါဘူး၊ ည၀တ်အင်္ကျီမှသည် နှစ်ထပ်ဘတ်စ်ကားများနှင့် လေကြောင်းလိုင်းများအထိ တန်ဆာဆင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် West Japan Railway ကုမ္ပဏီသည် ဟယ်ရီပေါ်တာဇာတ်ကောင် ပါဝင်သော Hogwarts Express ရထားကို မိတ်ဆက်ခဲ့ပြီး အိုဆာကာနှင့် ကာဂိုရှီမာမြို့အတွင်း ပြေးဆွဲခဲ့သည်။

Ref : AFP

July 1, 2018














Copy Protected by Chetan's WP-Copyprotect.