ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် မွမ်ဘိုင်းမှ Victorian Gothic လက်ရာ Art Deco အဆောက်အအုံများ၊ ဂျပန်မှ ခရစ်ယာန်ရွာများနှင့် ကိုရီးယားမှ ဗုဒ္ဓဘာသာ တောင်ပေါ် ဘုရားကျောင်းများ ထည့်သွင်းခံရ

ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် မွမ်ဘိုင်းမှ Victorian Gothic လက်ရာ Art Deco အဆောက်အအုံများ၊ ဂျပန်မှ ခရစ်ယာန်ရွာများနှင့် ကိုရီးယားမှ ဗုဒ္ဓဘာသာ တောင်ပေါ် ဘုရားကျောင်းများ ထည့်သွင်းခံရ
Published 1 July 2018

နာဂါစကီရှိ နိုကူဘီခရစ်ယာန် ဘုရားကျောင်းဟောင်းအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo : AFP)

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း (ယူနက်စကို) ၏ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များစာရင်းကို ဇွန် ၃၀ ရက်တွင် ဘာရိန်းမြို့တော် မန်နာမာ၌ ကျင်းပသည့် အစည်းအဝေး၌ ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတွင် မိုင်ယာမီပြီးလျှင် ဒုတိယအများဆုံး အစုအဝေးဟု ယူဆရသည့် မွမ်ဘိုင်းမှ Art Deco အဆောက်အအုံများသည် ထင်ရှားသော Victorian Gothic ဗိသုကာလက်ရာနှင့်အတူ ရွေးချယ်ခံခဲ့ရသည်။ ဂျပန်တောင်ပိုင်းရှိ နာဂါစကီတွင် တည်ရှိသော ခရစ်ယာန်ရွာ ၁၀ ရွာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ကျောင်းတို့လည်း ထိုစာရင်းတွင် ပါဝင်ခဲ့သည်။

ကိုရီးယားတွင် တိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ပုံစံများအား ပေါင်းစပ်ခဲ့သည့် ဗုဒ္ဓဘာသာကို ကိုယ်စားပြုသည့် ရှေးဟောင်းကိုရီးယားတောင်ပေါ် ဘုရားကျောင်း ခုနစ်ကျောင်းသည်လည်း ထိုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။

မွမ်ဘိုင်း

အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုက မွမ်ဘိုင်းရှိ Art Deco အဆောက်အအုံ တစ်ခုချင်းစီအား မှတ်တမ်းတင်ခဲ့ကြသော်လည်း အိန္ဒိယ၏ ဘဏ္ဍာရေးမြို့တော် တစ်ဝန်းတွင် ယင်းကဲ့သို့ အဆောက်အအုံ အလုံးပေါင်း ၂၀၀ ကျော် ရှိဖွယ်ရှိဟု ခန့်မှန်းထားကြသည်။ ၁၉၃၀ ပြည့်လွန်နှစ်များ အစောပိုင်းနှင့် ၁၉၅၀ ပြည့်လွန်နှစ်များ အစောပိုင်း ကာလများအကြား ပြန်လည်သိမ်းယူထားသည့် မြေပေါ်တွင် ထိုအဆောက်အအုံ များစွာကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကမ်းရိုးတန်းမြို့၏ တောင်ဘက်တွင် စုပြုံရှိနေခဲ့သည်။

Victorian Gothic လက်ရာတွင် လသာဆောင်များနှင့် ဝရန်တာများ အပါအဝင် ရာသီဥတုနှင့် ကိုက်ညီသော အိန္ဒိယ၏ လက်ရာများ စုဝေးပါဝင်ကြောင်း ယူနက်စကို၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အိန္ဒိယဒီဇိုင်းကို Art Deco စိတ်ကူးနှင့် ရောစပ်ထားသော Art Deco အဆောက်အအုံသည် Indo-Deco အဖြစ် ဖော်ညွှန်းခံခဲ့ရသည့် ပြိုင်ဘက်ကင်းသောပုံစံကို ဖန်တီးခဲ့ကြောင်း ဆိုခဲ့သည်။

ယင်းကဲ့သို့ အလွန်အမင်း ကွဲပြားနေသော ဗိသုကာလက်ရာနှစ်မျိုးသည် လူငယ်ခရစ်ကက် ကစားသမားများက ၎င်းတို့၏ အရည်အအသွေးများကို သွေးသည့်နေရာဖြစ်သော ထင်ရှားသည့် ၂၂ ဧကကျယ်ဝန်းသော Oval Maidan ကစားကွင်းတစ်လျှောက် မျက်နှာချင်းဆိုင်၌ တည်ရှိနေကြသည်။

မွမ်ဘိုင်းရှိ Art Deco အဆောက်အအုံများအား တွေ့ရစဉ် (Photo : AFP)

မွမ်ဘိုင်းရှိ Art Deco အဆောက်အအုံများသည် ကိုလိုနီပြုသူ ဗြိတိန်က တည်ဆောက်ခဲ့သော Victorian Gothic ပုံစံများ၏ အရိပ်မိုးမှုအား အမြဲတမ်း ခံခဲ့ရကြောင်း၊ သို့သော် ယူနက်စကို၏ ယခုအသိအမှတ်ပြုမှုသည် Art Deco ကို ၎င်း၏နေရာမှန်သို့ ပြန်ရောက်စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း Art Deco Mumbai အား ထူထောင်သူ အတူကူးမားက ပြောကြားခဲ့သည်။

မွမ်ဘိုင်းတွင် Victoria Terminus ဟု သိထားကြသည့် ထင်ရှားသော အဓိကဘူတာရုံ အပါအဝင် အသိအမှတ် ပြုခံရသည့် အဆောက်အအုံ အချို့သည် Victorian Gothic ပုံစံဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ဗြိတိန်က အိန္ဒိယကို အုပ်ချုပ်နေစဉ် ၁၉ ရာစုတွင် တည်ဆောက်ခဲ့သော ဘုံဘေအထက်တရားရုံး၊ မွမ်ဘိုင်းတက္ကသိုလ်နှင့် အရပ်ဘက် အာဏာပိုင်အဖွဲ့ရုံးချုပ် တို့ကိုလည်း ထိုဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဂျပန်

နာဂါစကီဒေသတွင် ပြီးခဲ့သော ရာစုနှစ်လေးခုကျော်က ၎င်းတို့၏ ယုံကြည်မှုအတွက် ကွပ်မျက်ခံခဲ့ရသည့် ခရစ်ယာန် ၂၆ ဦးကို ရည်စူးသော Oura ကက်သလစ် ဘုရားကျောင်း၊ Hara ရဲတိုက်နှင့် ရွာ ၁၀ ရွာတို့သည် ယူနက်စကို၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။

ဥရောပဘရင်ဂျီ ဘာသာရေးဂိုဏ်းမှ သာသနာပြု ဖရန်ဆွာဇာဗီယာသည် အဖော်နှစ်ဦးနှင့်အတူ  ရောက်ရှိခဲ့သည့် ၁၅၄၅ ခုနှစ်တွင် ခရစ်ယာန် အယူဝါဒသည် ဂျပန်အနောက်ပိုင်းတွင် စတင်ပျံ့နှံ့ခဲ့သည်။ ယင်းနောက် သာသနာပြုများ ထပ်မံရောက်လာပြီး ခရစ်ယာန်ကိုးကွယ်မှု ပျံ့နှံ့လာချိန်တွင် ဂျပန်စစ်ဘက် ခေါင်းဆောင်များက သံသယဝင်ခဲ့ကြပြီး ၁၅၈၉ ခုနှစ်မှစ၍ ခရစ်ယာန်များအား စတင်ဖိနှိပ်ခဲ့သည်။

Oura ဘုရားကျောင်းတွင် ဂုဏ်ပြုခံခဲ့ရသော ဂျပန် ၂၀ ဦးနှင့် နိုင်ငံခြားသား ခြောက်ဦးတို့သည် နာဂါစကီတွင် ၁၅၇၉ ခုနှစ်၌ ကွပ်မျက်ခံခဲ့ရသည်။ ၁၈၆၄ ခုနှစ်တွင် ပြင်သစ်ခရစ်ယာန် ဘုန်းကြီးများက တည်ဆောက်ခဲ့ပြီး ဒေသခံများအကြား ပြင်သစ်ဘုရားကျောင်းဟု လူသိများသော ထိုဘုရားကျောင်းသည် ဂျပန်တွင် ခရစ်ယာန်နှင့် သက်ဆိုင်သည့် သက်တမ်းအရင့်ဆုံး အဆောက်အအုံဖြစ်သည်။

၁၆၀၃ ခုနှစ်မှ ၁၈၆၇ ခုနှစ်အထိ ကာလအတွင်း ခရစ်ယာန်ဘာသာကို လျှို့ဝှက်ကိုးကွယ်ခဲ့ကြရသည့် နိုင်ငံအနောက်တောင်ပိုင်း ကူမာမိုတိုမှ အမာကူဆာရှိ ဆာကစ်ဆူရွာ အပါအဝင် အခြားနေရာများသည်လည်း ယူနက်စကို၏ စာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။

ကိုရီးယား

အေဒီ ခုနစ်ရာစုအထိ တည်မြဲခဲ့သော ဘုရင်သုံးပါးခေတ်အတွင်း ထူထောင်ခဲ့ကြသည့် Seonamsa၊ Daeheungsa၊ Beopjusa၊ Tongdosa၊ Bongjeongsa၊ Magoksa နှင့် Buseoksa စသည့် တောင်ပေါ်ဘုရားကျောင်း ခုနစ်ကျောင်းသည် ယူနက်စကို၏ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ဖော်ပြခံခဲ့ရသည်။

ဗုဒ္ဓအယူဝါဒသည် ကိုရီးယား ကျွန်းဆွယ်သို့ လေးရာစု၌ စတင်ရောက်ရှိလာခဲ့ပြီး Goguryeo Baekje နှင့် Silla ရှေးခေတ်ဘုရင်တို့က လက်ခံခဲ့ကြပြီး နိုင်ငံတော်ဘာသာအဖြစ် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ တည်တံ့ကိုးကွယ် ခဲ့ကြသည်။ ဗုဒ္ဓဘာသာ အထွတ်အထိပ်ရောက်သော ကာလဖြစ်သည့် ငါးရာစုနှင့် ခြောက်ရာစုတွင် နိုင်ငံတော်က အလွန်အမင်း အားပေးမှုဖြင့် ဗုဒ္ဓဘာသာ၏ ယဉ်ကျေးမှု၊ ဗိသုကာနှင့် ပုံစံများ အရှိန်အဟုန် အားကောင်းခဲ့သည်။

ဗုဒ္ဓဘာသာ အဆောက်အအုံများအား မင်္ဂလာရှိသည်ဟု ယူဆသောနေရာများတွင် တည်ဆောက်ခဲ့ကြပြီး တောင်တန်းများကို အလေးအမြတ်ထားသော ကိုရီးယားရိုးရာနှင့် တည်ငြိမ်အေးဆေးသော ပတ်ဝန်းကျင်တွင် တရားကျင့်ရန် အားပေးသော ဇင်ဗုဒ္ဓဘာသာနှင့်အညီ ထိုဘုရားကျောင်း အများအပြားကို တောင်ကုန်း ထူထပ်သော ဒေသများတွင် တည်ဆောက်ခဲ့ကြသည်။

သို့သော် ၁၄ ရာစုတွင် ထီးနန်း ဆက်ခံသော Chosun မင်းဆက် လက်ထက်၌ ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုသည် စတင်ဆုတ်ယုတ် လာခဲ့သည်။ Chosun မင်းဆက်က ကွန်ဖြူးရှပ်ဝါဒအား လက်ခံသွတ်သွင်းခဲ့ပြီးနောက် ဗုဒ္ဓအယူဝါဒအား အဆက်မပြတ် ဖိနှိပ်ခဲ့ရာ မြို့ပြဒေသများရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း အများအပြားကို ပိတ်ပစ်ခဲ့ရပြီး ဝေးလံသော တောင်တန်းဒေသများရှိ ထိုဘုရားကျောင်းများသာ ရှင်သန်ခဲ့သည်။

Ref : AFP

Most Read

Most Recent