ဝီလျံမင်းသား ဂျေရုစလင်သို့ သွားရောက်လည်ပတ်

ဝီလျံမင်းသား ဂျေရုစလင်သို့ သွားရောက်လည်ပတ်
Published 29 June 2018

ဇွန် ၂၈ ရက်က ဂျေရုစလင်မြို့ဟောင်းရှိ Western Wall သို့ ဝီလျံမင်းသားက သွားရောက်ခဲ့စဉ် (Photo: AFP)

အရှေ့အလယ်ပိုင်း သမိုင်းဝင်ခရီးစဉ် ပြီးဆုံးခါနီးတွင် ဝီလျံမင်းသားသည် ဂျေရုစလင်၏ အငြင်းပွားမှုအရှိဆုံး အယ်အာဆာ ဗလီဝင်းအတွင်းသို့ ဇွန် ၂၈ ရက်တွင် သွားရောက်လည်ပတ်ခဲ့သည်။ အရှေ့အလယ်ပိုင်း၏ သံတမန်ရေး မိုင်းကွင်းကို ဖြတ်လျှောက်ခဲ့သော ဝီလျံသည် မွတ်စလင်တို့အတွက် တတိယမြောက် အထွတ်အမြတ်အထားဆုံး ယင်းနေရာသို့ အစ္စရေးလုံခြုံရေးအစောင့်အရှောက် တင်းကျပ်စွာဖြင့် လည်ပတ်သွားလာခဲ့ခြင်းဖြစ်သည်။

အယ်အာဆာဗလီဝင်းကို စီမံအုပ်ချုပ်နေသော ဂျော်ဒန်ဘာသာရေးအဖွဲ့မှ အဖွဲ့ဝင်များကလည်း ဝီလျံကို လိုက်ပါစောင့်ရှောက်ခဲ့သည်။ ဝီလျံသည် အယ်အာဆာ ဗလီဝင်းကို ပထမဆုံးသွားရောက်ခဲ့သော တော်ဝင်မိသားစုတစ်ဦးဖြစ်သည်ဟု ဗြိတိန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဗြိတိန်ထီးနန်းတွင် ဒုတိယမြောက် နန်းစဉ်နေရာ၌ ရှိနေသော ဝီလျံသည် အယ်အာဆာနှင့် ကပ်လျက်မှ Western Wall သို့လည်း သွားရောက်ခဲ့သည်။ ထိုနေရာသည် ဂျူးတို့ကိုသာ ဝတ်ပြုခွင့်ပေးထားသော အမြင့်မြတ်ဆုံးနေရာ တစ်ခုလည်းဖြစ်သည်။

အစ္စရေးက ၁၉၆၇ ခုနှစ် ခြောက်ရက်ကြာ စစ်ပွဲတွင် အရှေ့ဂျေရုစလင်ကို သိမ်းပိုက်ခဲ့ပြီးနောက် သဘောထားတင်းမာသော ဂျူးတက်ကြွလှုပ်ရှားသူများက အယ်အာဆာ ဗလီဝင်းအတွင်း၌ ၎င်းတို့က ဝတ်ပြုခွင့်ရှိကြောင်း လှုံ့ဆော်နေခဲ့ကြသည်။ ထိုအခြေအနေသည် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခ မီးတောက်လောင်မှု၌ အပြင်းထန်ဆုံး ပင်မအကြောင်းအရာတစ်ခုဖြစ်သည်။

၂၀၀၀ ပြည့်နှစ်က ပေါ်ပေါက်ခဲ့သော ပါလက်စတိုင်း ပုန်ကန်မှုနှင့် ယမန်နှစ်က စတင်ခဲ့သော အကြမ်းဖက်ပုန်ကန်မှုတို့သည် အယ်အာဆာ၏ တည်ရှိဆဲအခြေအနေအား ပါလက်စတိုင်းတို့က စိုးရိမ်နေမှုအပေါ်တွင် အခြေခံ၍ ပေါ်ပေါက်ခဲ့သော ပုန်ကန်မှုများ ဖြစ်သည်။
အစ္စရေးတို့ သိမ်းပိုက်ထားသော ဝက်စ်ဘင့်သို့ ဝီလျံသည် ဇွန် ၂၇ ရက်က သွားရောက်ခဲ့စဉ်အတွင်း ပါလက်စတိုင်းနယ်မြေကို နိုင်ငံဟု ထည့်သွင်းပြောကြားခဲ့ပြီး သံတမန်ရေး ရေချိန်ကို စမ်းသပ်ခဲ့သည်။

“ကျွန်တော်တို့ နှစ်နိုင်ငံ အတူတကွ လုပ်ဆောင်နေတာတွေအတွက် အလွန်ပဲဝမ်းသာပါတယ်။ ဒါ့အပြင် အတိတ်ကတုန်းကလည်း ပညာရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အောင်မြင်အောင် ဆောင်ရွက်ခဲ့ဖူးတဲ့အကြောင်းတွေ ရှိထားပါတယ်” ဟု ဝီလျံက အဘားစ်ကို လက်တန်းပြောကြားခဲ့သည်။

အနောက်နိုင်ငံအစိုးရများသည် ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် ရည်ညွှန်း ပြောကြားခြင်းကို ရှောင်ရှားလေ့ရှိပြီး အနာဂတ်တွင် အချုပ်အခြာအာဏာ တောင်းဆိုထားသော ပါလက်စတိုင်းတို့၏ လိုလားချက်ကိုသာ ထောက်ခံလေ့ရှိကြသည်။

ဝီလျံသည် ဇွန် ၂၇ ရက်တွင် ဂျေရုစလင်၌ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို တွေ့ဆုံခဲ့ပြီးဖြစ်သည်။ နေတန်ယာဟုက ပါလက်စတိုင်းတို့၏ နိုင်ငံတည်ထောင်မှုကို ပယ်ချထားပြီး ဝက်စ်ဘင့်တွင် ဂျူးတို့ အခြေချနေထိုင်မှုကို ထောက်ခံသူ ဖြစ်သည်။

Ref: AFP

Most Read

Most Recent