<

ထိုင်းလိုဏ်ဂူတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေး မိုးရွာသွန်းမှုကြောင့် အတားအဆီးဖြစ်နေ

ဇွန် ၂၆ ရက်က ပျောက်ဆုံးနေသူများအား ရှာဖွေရန် ချန်ရိုင်းရှိ ဂူအတွင်း၌ ထိုင်းစစ်သားများ စုဝေးနေစဉ် (Photo: AFP)

ထိုင်းနိုင်ငံတွင် လူငယ် ၁၂ ဦးနှင့် ၎င်းတို့၏ ဘောလုံးနည်းပြတစ်ဦးတို့ ရက်ပေါင်းအတော်ကြာ ပိတ်မိနေသည့် ရေကြီးနေသော လိုဏ်ဂူထဲမှ ရေများကို စုပ်ထုတ်ရန် ကယ်ဆယ်ရေးသမားများသည် ဇွန် ၂၇ ရက်ကလည်း ဆက်လက် ကြိုးပမ်းခဲ့ကြသည်။ တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာဘုန်းကြီးများသည် ပိတ်မိနေသောသူများအတွက် ဆုတောင်းရွတ်ဖတ်ပေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

မုတ်သုံမိုးများရွာသွန်းရာမှ ဂူ၏ ပင်မ၀င်ပေါက် ပိတ်ဆို့သွားခဲ့ခြင်းကြောင့် အသက် ၁၁ နှစ်မှ ၁၆ နှစ်ကြားရှိ ဘောလုံးသမားများနှင့် အသက် ၂၅ နှစ်အရွယ် ၎င်းတို့၏ဘောလုံးနည်းပြတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Tham Luang လိုဏ်ဂူ၌ ဇွန် ၂၃ ရက်က စတင် ပိတ်မိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးသမား ရာပေါင်းများစွာသည် ဂူအတွင်းမှ ရေများကို စုပ်ထုတ်ရန်အတွက် ဖိအားမြင့်ရေစုပ်စက်များစွာကို တပ်ဆင်ရန် တစ်ညလုံး ကြိုးပမ်းခဲ့ကြသည်။ သို့သော် လာအိုနှင့် မြန်မာနယ်စပ်များအနီးရှိ ချန်ရိုင်းပြည်နယ်ထဲမှ ထိုဒေသတွင် မိုးများဆက်လက် ရွာသွန်းနေသဖြင့် ကြိုးပမ်းမှုများမှာ မအောင်မမြင် ဖြစ်ခဲ့ရသည်။

“ရေတွေကို စုပ်ထုတ်ဖို့ ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်နေကြပေမဲ့ ရေကတော့ အခုအထိ ကြီးနေတုန်းပဲ” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး နာရွန်ဆာအိုဆော့တန်နာကွန်က ပြောခဲ့သည်။

ဇွန် ၂၇ ရက် ညနေပိုင်းတွင်မူ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီပေးရန် ပြည်ပမှလိုဏ်ဂူ ကျွမ်းကျင်သူသုံးဦး ရောက်လာကြမည်ဟု သိရသည်။ ဝေဟင်၊ မြေပြင်အဖွဲ့များ၊ ရေငုပ်သမား အပါအ၀င် လူပေါင်း ၁၀၀၀ ၀န်းကျင်သည် ကယ်ဆယ်ရေးများလုပ်ရန် ရောက်ရှိလာကြပြီး စစ်တပ်ကလည်း ကူညီရေးအတွက် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားသည်။

ရေသည် ၁၅ စင်တီမီတာ (ခြောက်လက်မ) ညတွင်းချင်း ထပ်မံမြင့်တက်လာပြီး ရှုပ်ထွေးလှသော ဂူကွန်ရက်ထဲမှ ကီလိုမီတာချီ ရှည်လျားသည်ဟု ယူဆရသော တတိယမြောက်ဂူလိုဏ်ခန်းမှာလည်း လက်ရှိတွင် ရေမြုပ်နေပြီဖြစ်သည်ဟု ထိုင်း Navy Seal တပ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။ စစ်သားများမှာ ဂူထဲမှ ရေများအား စုပ်ထုတ်ရန် လုပ်ဆောင်နေကြစဉ် ဘုန်းကြီးများမှာမူ စိတ်ဆင်းရဲနေသော မိသားစုဝင် ဆွေမျိုးများနှင့်အတူ ကယ်ဆယ်မှုအောင်မြင်ရန် ဆုတောင်းမှုများ ပြုလုပ်နေခဲ့ကြသည်။

အဆိုပါ အပြင်းအထန် ကယ်ဆယ်ရေး လုပ်ငန်းများသည် ထိုင်းနိုင်ငံတစ်ဝန်းလုံး၏ အာရုံစိုက်မှုကိုရရှိထားပြီး တော်ဝင်မိသားစု၊ နိုင်ငံခေါင်းဆောင်များနှင့် လူမှုမီဒီယာများပေါ်တွင်လည်း အကြီးအကျယ် စိတ်မကောင်း ဖြစ်နေကြသည်။ ဇွန် ၂၆ ရက်ကမူ ဂူပေါက်သစ်သုံးခုကို အစိုးရအရာရှိများက ထပ်မံတွေ့ရှိခဲ့သည်။ သို့သော်ယင်းတို့ထဲမှ တစ်ခုကသာ အဆက်အသွယ်လုပ်၍ ရနိုင်ပြီး ယင်းဂူပေါက်မှတစ်ဆင့် ကယ်ဆယ်ရေးသမားများ၊ အစားအစာများကို လှေဖြင့် လွန်းပြန်ပို့ပေးရန် စီစဉ်နေကြသည်။

Ref: AFP

June 27, 2018














Copy Protected by Chetan's WP-Copyprotect.