ထိုင်းတွင် ပျောက်ဆုံးနေသူ ၁၃ ဦးအား ရှာဖွေရန် ရေငုပ်သမားများက လိုဏ်ဂူထဲသို့ ပြန်လည်ဝင်ရောက်

ထိုင်းတွင် ပျောက်ဆုံးနေသူ ၁၃ ဦးအား ရှာဖွေရန် ရေငုပ်သမားများက လိုဏ်ဂူထဲသို့ ပြန်လည်ဝင်ရောက်
Published 27 June 2018

ဇွန် ၂၆ ရက်က ချန်ရိုင်းပြည်နယ်တွင် ဂူထဲ၌ ပျောက်ဆုံးသွားသူများကို ရှာဖွေရန်အတွက် ကယ်ဆယ်ရေးအဖွဲ့များက ပြင်ဆင်နေစဉ် (Photo - AP)

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ လိုဏ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာရှိလာပြီဖြစ်သော လူ ၁၃ ဦးအား ပြန်လည်ရှာဖွေရန် Navy SEAL မှ ရေငုပ်သမားတစ်ဒါဇင်ခန့်နှင့် အခြားကယ်ဆယ်ရေးဝန်ထမ်းများသည် ဇွန် ၂၆ ရက်အစောပိုင်းတွင် တစ်စိတ်တစ်ပိုင်း ရေလွှမ်းနေသော ထိုဂူထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။

ရေငုပ်သမားများသည် Tham Luang Nang Non လိုဏ်ဂူထဲမှ မြေအောက်လိုဏ်ခန်းများအား ဖြတ်၍ ရှေ့သို့သွားနိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရေလွှမ်းနေမှုများက ၎င်းတို့၏ ကြိုးပမ်းမှုများကို အဟန့်အတား ဖြစ်စေခဲ့သည်။ လိုဏ်ဂူ၏ အခြားအစိတ်အပိုင်းများ၏ မျက်နှာကြက်များတွင် အခြားဝင် ထွက်ပေါက်များရှိ၊ မရှိကို သိရှိနိုင်ရန် တာဝန်ရှိသူများသည် ရဟတ်ယာဉ်များဖြင့်လည်းကောင်း၊ ခြေလျင်အဖွဲ့များဖြင့်လည်းကောင်း ရှာဖွေခဲ့ကြသည်။

ဇွန် ၂၅ ရက်ညသန်းခေါင်တွင် မိုးထပ်မံ ရွာသွန်းမှုကြောင့် ဂူထဲသို့ဝင်ရောက်ရှာဖွေမှုကို ပိုမိုအခက်တွေ့စေခဲ့သည်။ သို့သော် ဂူဝင်ပေါက်အနီး မြေအောက်လိုဏ်ခန်းများသည် ခြောက်သွေ့နေပြီး ရေငုပ်သမားများကို ဂူပြင်နှင့်ဆက်သွယ်ရာတွင် အကူအညီ ဖြစ်စေရန် လျှပ်စစ်မီးလိုင်းတစ်လိုင်း သွယ်တန်းပြီး လေဝင်လေထွက်ပေါက်တစ်ပေါက်လည်း ပြုလုပ်ခဲ့သည်။

အသက် ၁၁ နှစ်မှ ၁၆ နှစ်အကြားရှိ လူငယ် ၁၂ ဦးနှင့် အသက် ၂၅ နှစ်ရှိ ၎င်းတို့၏ နည်းပြဖြစ်သူတို့သည် ဇွန် ၂၃ ရက် မွန်းလွဲတွင် ချန်ရိုင်းပြည်နယ်ထဲရှိ ထိုဂူထဲသို့ဝင်သွားခဲ့သည်ဟု ယူဆထားသည်။ မိခင်တစ်ဦးက ၎င်းင်း၏သားဖြစ်သူသည် ဘောလုံးလေ့ကျင်ရေးအစီအစဉ်မှ အိမ်ပြန်လာခဲ့ခြင်း မရှိဟု ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပြီးနောက် ယင်းကဲ့သို့ရှာဖွေမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပျောက်ဆုံးခဲ့သူများ၏ မိဘဆွေမျိုးများနှင့် အခြားသူများက ထိုပျောက်ဆုံးနေသူများအား ပြန်ခေါ်နိုင်ရန်အတွက် ဇွန် ၂၆ ရက်နံနက်တွင် ရိုးရာပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ဇွန် ၂၅ ရက်တွင် ဂူမျက်နှာကြက်အထိ နီးပါးရေလွှမ်းခဲ့သည့် ဂူအတွင်းပိုင်းရှိ မြေအောက်လိုဏ်ခန်းများသို့ ရေငုပ်သမားများက ရောက်ရှိခဲ့ပြီးနောက် ရေထဲသို့ငုပ်၍ ရှာဖွေကြမည်ဖြစ်ကြောင်း ရေတပ်ဗိုလ်ကြီး နပွန်ဝတ်ဟွမ်ဆိုင်က ပြောကြားခဲ့သည်။ ထိုလိုဏ်ဂူသည် ကီလိုမီတာပေါင်းများစွာ ရှည်လျားပြီး ကျယ်ဝန်းသော မြေအောက်လိုဏ်ခန်းများရှိကာ ကျောက်စွန်းများဖြင့် ကျဉ်းမြောင်းသော လျှောက်လမ်းများ ရှိသည်။ ထိုပျောက်ဆုံးနေသူများသည် ရေလွှမ်းမခံရဘဲ ဘေးကင်းသောနေရာတစ်ခုကို တွေ့ရှိထားမည်ဟု မျှော်လင့်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။

ထိုလူငယ်များချန်ထားခဲ့သော စက်ဘီးများ၊ ကျောပိုးအိတ်များစသည့်ပစ္စည်းများကို ဂူဝင်ပေါက်တွင် မြင်တွေ့ခဲ့ရသည်။ ထို အဖွဲ့၏ ဖိနပ်နှင့် အိတ်အချို့ကို ဂူလိုဏ်ခန်းတစ်ခုတွင် တွေ့ခဲ့ရကြောင်း နပွန်ဝတ်က ဇွန် ၂၅ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။

ယခုနှစ်တွင် အချက်အလက်သစ်များ ဖြည့်စွက်ခဲ့သော ထိုင်းမြောက်ပိုင်းရှိ လိုဏ်ဂူများဟု အမည်ပေးထားသည့် အွန်လိုင်းလမ်းညွှန်စာအုပ်၌ ရေလွှမ်းမှုများကြောင့် ထိုဂူထဲသို့ ဝင်ရောက်လေ့လာမှုအား နိုဝင်ဘာမှ ဇွန်အတွင်းသာ ပြုလုပ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Ref ; AFP

Most Read

Most Recent