အာဒိုဂန်အတွက် ကြီးမားသည့် စမ်းသပ်မှုဖြစ်သော တူရကီရွေးကောက်ပွဲများ ကျင်းပ

အာဒိုဂန်အတွက် ကြီးမားသည့် စမ်းသပ်မှုဖြစ်သော တူရကီရွေးကောက်ပွဲများ ကျင်းပ
Published 25 June 2018

ဇွန် ၂၄ ရက် တူရကီရွေးကောက်ပွဲနေ့တွင် မဲရုံတစ်ရုံ၌ မဲပေးနေသော CHP ပါတီသမ္မတကိုယ်စားလှယ်လောင်း မူဟာရမ်အင့်စ် (Photo: AFP)

တူရကီနိုင်ငံသားတို့သည် ဇွန် ၂၄ ရက်က သမ္မတနှင့် ပါလီမန်ရွေးကောက်ပွဲများအတွက် မဲပေးခဲ့ကြသည်။ ယင်းရွေးကောက်ပွဲများသည် လက်ရှိတူရကီသမ္မတရီဆပ်တေ ယစ်အာဒိုဂန်နှင့် ၎င်း၏ အစ္စလာမ္မစ်အမြစ် တွယ်နေသော AK ပါတီတို့အတွက် ၎င်းတို့ အာဏာစတင်ရရှိခဲ့သည့် ၁၅ နှစ်ကျော်ကြာကာလအတွင်း အကြီးမားဆုံး စိန်ခေါ်မှုကြီး တစ်ခုဖြစ်နေသည်။

ဇွန် ၂၄ ရက် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသူမှာ ၂၀၁၇ ခုနှစ် ဧပြီလက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲပြီးနောက် ကြီးထွားလာသည့် သမ္မတအာဏာဖြင့် အုပ်ချုပ်ရမည့် ပထမဆုံး နိုင်ငံခေါင်းဆောင်ဖြစ်လာမည် ဖြစ်သည်။

အာဒိုဂန်သည် ခေတ်သစ်တူရကီသမိုင်းတွင် လူကြိုက်အများဆုံး ဖြစ်သော်လည်း သဘောထားကွဲလွဲမှု အများဆုံးကို ဖြစ်စေသော ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။ မူလက ရွေးကောက်ပွဲများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး အာဒိုဂန်က ရှေ့တိုးခဲ့သည်။ ယခုရွေးကောက်ပွဲ၌ ရရှိလာမည့် အာဏာသစ်သည် ကြီးထွားလာသော နိုင်ငံ့စီးပွားရေးပြဿနာများနှင့် တူရကီအရှေ့တောင်ပိုင်း၊ အိမ်နီးချင်း အီရတ်၊ ဆီရီးယားတို့ရှိ ကာ့ဒ်များနှင့် ရင်ဆိုင်ရာတွင် ၎င်းအား ပိုမိုကောင်းမွန်စွာ ဖြေရှင်းစေနိုင်လိမ့်မည်ဟု အာဒိုဂန်က ပြောလျက်ရှိသည်။

သို့သော် အာဒိုဂန်သည် ပြိုင်ဘက်မူ ဟာရမ်အင့်စ်ကို ထည့်မတွက်ဘဲ ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ လောကီသီးသန့်ဝါဒီဖြစ်သော ရီပက်ဘလီကင်ပြည်သူ့ပါတီ (CHP) မှ သမ္မတကိုယ်စားလှယ်လောင်းအင့်စ်၏ တက်ကြွလှသော မဲဆွယ်စည်းရုံးမှုများသည် ကာလရှည်ကြာ စိတ်ဓာတ်ကျဆင်းကာ ကွဲလွဲနေကြသည့် တူရကီအတိုက်အခံများအား လှုံ့ဆော်မှုများ ပေးနိုင်ခဲ့သည်။

ဇွန် ၂၃ ရက်က မြို့တော်အစ္စတန်ဘူတွင် ပြုလုပ်ခဲ့သော အင့်စ်၏ လူထုစုဝေးပွဲသို့ တက်ရောက်သူအင်အားမှာ တစ်သန်းထက် မနည်းရှိခဲ့သည်။ “အာဒိုဂန်သာ နိုင်သွားရင် သင်တို့ရဲ့ဖုန်းတွေဟာဆက်ပြီး ခိုးနားထောင်ခံနေရမယ်။ ကြောက်လန့်မှုတွေဟာလည်း ဆက်ပြီး ကြီးစိုးနေလိမ့်မယ်။ ကျွန်တော် နိုင်မယ်ဆိုရင်တော့ တရားရုံးတွေဟာ လွတ်လပ်ပြီး အမှီအခိုကင်းသွားမှာ ဖြစ်ပါတယ်” ဟု အင့်စ်က ထိုလူအုပ်ကြီးကို ပြောကြားခဲ့သည်။ ထို့ပြင် အင့်စ်သည် ၎င်းသာ ရွေးကောက်ခံရပါက တူရကီတွင် နှစ်နှစ်နီးပါးကြာ ပြဋ္ဌာန်းထားသည့် အရေးပေါ် အခြေအနေကို ၄၈ နာရီအတွင်းမှာပင် ပြန်လည်ရုပ်သိမ်းပေးမည်ဟု ဆိုထားသည်။

ဇွန် ၂၄ ရက်၌ မဲရုံများသည် နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီတွင် ပိတ်မည်ဖြစ်သည်။ တူရကီလူဦးရေ ၈၁ သန်းအနက် ယခုရွေးကောက်ပွဲတွင်မဲပေး ခွင့်ရှိသူဦးရေမှာ သန်း ၆၀ နီးပါးရှိသည်။

လူထုသဘောထား စစ်တမ်းများအရ အာဒိုဂန်သည် ရွေးကောက်ပွဲကို တစ်ကြိမ်တည်းနှင့် တန်း၍ အနိုင်ရနိုင်မည် မဟုတ်ဘဲ ဇူလိုင် ၈ ရက်တွင် ကျင်းပမည့် ဒုတိယအကျော့ ရွေးကောက်ပွဲမှ အနိုင်ရနိုင်သည်ဟု ယူဆရသည်။ အာဒိုဂန်၏ AK ပါတီမှာမူ ပါလီမန်တွင် အမတ်နေရာအများစုကို ဆုံးရှုံးရခြေရှိနေသဖြင့် သမ္မတနှင့် ပါလီမန်ကြားတွင် တင်းမာမှုများ မြင့်တက်လာနိုင်မည်ဖြစ်သည်။

အခြားသမ္မတကိုယ်စားလှယ်လောင်း တစ်ဦးမှာ ကာ့ဒ်လိုလားသော ပြည်သူ့ဒီမိုကရက်တစ်ပါတီ (HDP) မှ ခေါင်းဆောင် ဆယ်လာဟာတင်ဒီမီယာတက်ဖြစ်သည်။ သို့သော် ၎င်းသည် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သည့်အမှုများဖြင့် ထောင်ထဲရောက်နေသည်။ သို့သော် ဒီမီယာတက်စ်သည် ၎င်းကို မဲထည့်ရန် ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးလှုံ့ဆော်သည့်အနေနှင့် လုံခြုံရေးမြင့်မားလှသော အကျဉ်းထောင်ထဲမှနေ၍ ဗီဒီယိုတစ်ခု ထုတ်ပြန်ခဲ့သေးသည်။

ထို HDP ပါတီသည်ပါလီမန်သို့ ဝင်ခွင့်ရရန် မဲ ၁၀ ရာခိုင်နှုန်းထက်ကျော်၍ ရရှိသွားပါက AK ပါတီအတွက် အမတ်နေရာအများစုကို ရရန်ခက်ခဲသွားမည်ဖြစ်သည်။

Ref: Reuters

Most Read

Most Recent