ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရာ၌ တရုတ်က ဦးဆောင်ရမည်ဟု ရှီ ပြောကြား

ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပြုပြင်ပြောင်းလဲရာ၌ တရုတ်က ဦးဆောင်ရမည်ဟု ရှီ ပြောကြား
Published 25 June 2018

ဇွန် ၂၁ ရက်က အစိုးရဧည့်ဂေဟာတစ်ခုတွင် အဖွင့်အမှာစကားပြောကြားနေသော တရုတ်သမ္မတရှီကျင်ပင်း (Photo: AFP)

ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအား ပြုပြင်ပြောင်းလဲရေးတွင် တရုတ်က ဦးဆောင်ပေးရမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင်ပင်းက ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်သည် စီးပွားရေးနှင့် သံတမန်ရေးတို့၌ သြဇာကြီးထွားလာမှုနှင့်အတူ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ အစရှိသည့် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများတွင် ပြောဆိုခွင့် ပိုမိုရရှိရေးအတွက် ကြိုးပမ်းလျက်ရှိသည်။

တရုတ်သမ္မတ ရှီကျင်ပင်းသည် အာဏာစတင်ရရှိခဲ့သည့် ၂၀၁၂ ခုနှစ်နှောင်းပိုင်းကတည်းက ပိုမိုအားကောင်းသည့် ချဉ်းကပ်ပုံမျိုးနှင့် ချဉ်းကပ်ခဲ့သည်။ ရှီသည် အာရှရင်းနှီးမြှုပ်နှံရေးဘဏ်အစရှိသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများကို ကိုယ်တိုင်တည်ထောင်ကာ ၎င်း၏အထင်ကရ Belt and Road စီမံကိန်းကို စတင်ခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်၊ အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်သွားပြီး ဥရောပမှာလည်း Brexit အရေးအပါအဝင် အခြားကိစ္စများနှင့် လုံးပမ်းနေရစဉ် တရုတ်မှာမူ နိုင်ငံတကာ အသိုင်းအဝိုင်း၌ တာဝန်ယူမှုရှိသော အဖွဲ့ဝင်တစ်နိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေခဲ့သည်။

တရုတ်သည် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲရေးတွင်လည်း နည်းလမ်းပြပေးကာ တက်တက်ကြွကြွ ပါဝင်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်များနှင့် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတရှီကျင်ပင်းက နှစ်ရက်ကြာ ကွန်မြူနစ်ပါတီ၏ အဆင့်မြင့်အရာရှိအစည်း အဝေးအပြီးတွင် ပြောကြားခဲ့သည်။

ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ခေတ်မီခိုင်မာသော ဆိုရှယ်လစ်နိုင်ငံ တည်ထောင်ရန် အခြေအနေများ ဖန်တီးရေးအတွက် ကူညီပေးနိုင်မည်ဖြစ်ကြောင်းလည်း ရှီက ပြောခဲ့သည်ဟု သိရသည်။ သို့သော် အသေးစိတ် အကြောင်းအရာများကိုမူ ထည့်သွင်းမပြောကြားခဲ့ပေ။ ထိုအစည်းအဝေးသို့ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ စစ်တပ်၊ ဝါဒဖြန့်ချိရေး၊ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

Belt and Road စီမံကိန်းနှင့် “ဘုံကြမ္မာနှင့် အဖွဲ့အစည်း” (တရုတ်နှင့် ကမ္ဘာတစ်ဝန်း၏ ဆက်ဆံရေးကို လမ်းပြရန်အယူအဆ) ကဲ့သိ့ုသော အခြားအဓိကသံတမန်ရေး ပလက်ဖောင်းများ၏ အရေးပါပုံတို့ကိုလည်း ရှီကျင်ပင်းက ပြောကြားခဲ့သည်။ ထိုအယူအဆတို့သည် တရုတ်နှင့် နိုင်ငံတကာဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မည်ဟု သိရသည်။

မည်သို့ပင်ဖြစ်စဉ် တောင်တရုတ်ပင်လယ်၌ ရေပိုင်နက်အငြင်းပွားမှု အစရှိသော ကိစ္စရပ်များတွင် တရုတ်၏အမူအကျင့်များနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက စိုးရိမ်နေကြဆဲဖြစ်သည်။

Ref: Reuters

Most Read

Most Recent