ဆော်ဒီ၌ အမျိုးသမီးများအား ယာဉ်မောင်းခွင့်ပိတ်ပင်မှု တရားဝင် အဆုံးသတ်

ဆော်ဒီ၌ အမျိုးသမီးများအား ယာဉ်မောင်းခွင့်ပိတ်ပင်မှု တရားဝင် အဆုံးသတ်
Published 25 June 2018

ဇွန် ၂၄ ရက်က ဆော်ဒီအမျိုးသမီးတစ်ဦးသည် သူငယ်ချင်းများနှင့်အတူ ပထမဆုံးအကြိမ် ကားမောင်းနေသည်ကို တွေ့ရစဉ် (Photo: AFP)

ဆော်ဒီအာရေဗျနိုင်ငံတွင် ဇွန် ၂၄ ရက်က အမျိုးသမီးများသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် ယာဉ်မောင်းနှင်ခွင့် ပြန်လည်ရရှိခဲ့သည်။ ယင်းမတိုင်မီက ဆော်ဒီသည် ကမ္ဘာပေါ်တွင် အမျိုးသမီးများကို ယာဉ်မောင်းနှင်ခွင့် ပိတ်ပင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်။

ယင်းပြုပြင်ပြောင်းလဲမှုသည် အလွန်ရှေးရိုးစွဲဆန်သည့် ဆော်ဒီနိုင်ငံအား ခေတ်မီလာစေရန် အိမ်ရှေ့မင်းသား မိုဟာမက်ဘင် ဘင်ဆယ်မန်၏ ကျယ်ပြန့်လှသော အစီအစဉ်များမှ တစ်ခုဖြစ်သည်။ သို့သော် အမျိုးသမီးများ ကားမောင်းနှင်ခွင့် ပြန်လည်ရရှိခြင်းသည် အမျိုးသမီးတက်ကြွ လှုပ်ရှားနှိမ်နင်းခံရသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။

“တစ်နေ့ ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ကျွန်မ သိနေခဲ့ပါတယ်။ အခုတော့ ကျွန်မဟာ ငှက်တစ်ကောင်လို လွတ်လပ်မှုကို ခံစားနေရပါပြီ” ဟု မြို့တော်တွင် လှည့်ပတ် မောင်းနှင်နေသည့် ရုပ်သံအစီအစဉ်မှူးနှင့် စာရေးသူ ဆာမာအယ်မိုဂရန်က ပြောကြားခဲ့သည်။

ဖိနှိပ်မှု၏ထင်ရှားသော သင်္ကေတတစ်ခုဖြစ်သည့် ယခုပိတ်ပင်မှုအား ဖယ်ရှားလိုက်ခြင်းကြောင့် ဆော်ဒီအမျိုးသမီးများအနေနှင့် ယာဉ်မောင်းများ၊ အမျိုးသားဆွေမျိုးများအား မှီခိုနေရသည့်ဘဝမှ ကင်းလွတ်သွားခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် လူမှုမီဒီယာများပေါ်သို့ ဆော်ဒီအမျိုးသမီးများ၏ ကားမောင်းနှင်နေသည့် ဓာတ်ပုံများ၊ ဗီဒီယိုများ အစုလိုက် အပြုံလိုက် တက်လာခဲ့ကြသည်။

“ဒါဟာ တကယ့်ကို အောင်မြင်မှုတစ်ခုပါပဲ” ဟု ဘီလျံနာဆော်ဒီမင်းသားအယ်ဝါ လိဒ်ဘင်တာလယ်က ပြောကြားခဲ့ပြီး ၎င်း၏သမီးဖြစ်သူက မိသားစုစီး SUV ကားတစ်စီးကို မောင်းနှင်းနေပြီး မြေးမများက ကားနောက်ခန်း၌ လက်ခုပ်သြဘာပေးနေကြသည့် ဗီဒီယိုတစ်ခုကို Twitter ပေါ်သို့ တင်ခဲ့သည်။

အမျိုးသမီးများအား ယာဉ်မောင်းနှင်ခွင့်ပေးမည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလက စတင်ကြေညာလိုက်ပြီးနောက် ယခုလအစောပိုင်းတွင် အမျိုးသမီးများအတွက် လိုင်စင်များကို ပထမဆုံး စတင်ထုတ်ပေးခဲ့သည်။ အမျိုးသမီးများ ယာဉ်မောင်းခွင့် ရရှိသွားခြင်းသည် ဆော်ဒီအမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုအား မြင့်တက်လာစေမည်ဟုလည်း မျှော်မှန်းနေကြသည်။

Ref: AFP

Most Read

Most Recent