ဂျပန်က တရားဝင် ကာစီနိုများခွင့်ပြုပြီး အခွန်ဒေါ်လာဘီလျံများစွာ ရရှိရန် မျှော်မှန်း

ဂျပန်က တရားဝင် ကာစီနိုများခွင့်ပြုပြီး အခွန်ဒေါ်လာဘီလျံများစွာ ရရှိရန် မျှော်မှန်း
Published 24 June 2018

ဇွန် ၆ ရက်က တိုကျိုရှိ ဂျပန်ကာစီနို သင်တန်းကျောင်းတွင် ကျောင်းသားတစ်ဦးက လေ့ကျင့်နေစဉ် (Photo : AFP)

တိုကျိုရှိ ကာစီနိုသင်တန်း ကျောင်းတစ်ကျောင်းတွင် လောင်းကစားဒိုင်အဖြစ် လေ့ကျင့်နေသည့် တာကူတိုဆိုင်တိုက အစိမ်းရောင် စားပွဲနောက်တွင် နေရာယူလျက် ၃၆ ဂဏန်းကစားရန် ဂဏန်းထိုးထားသော အံခွက်များပါသည့် ဆုံလည်ခွက်ကို လှမ်းလျက် ထိုးသားများအဖြစ် ဟန်လုပ်နေသည့်အဖွဲ့ တစ်ဖွဲ့ကို လောင်းကြေးထပ်ရန် ပြောကြားခဲ့သည်။

အသက် ၂၄ နှစ်ရှိ ဆိုင်တိုသည် ကာစီနိုတစ်ခုထဲသို့ မည်သည့်အခါမျှ ခြေမချဖူးသော်လည်း အကျိုးအမြတ် ကြီးမားသော ယင်းကဏ္ဍကို ဖွင့်လှစ်ပေးမည့် ဥပဒေသစ်များက ဂျပန်ရှိ လောင်းကစားဒိုင်များအတွက် အလုပ်အကိုင် များစွာကို မကြာမီ ဖန်တီးပေးလိမ့်မည်ဟု ၎င်းက လောင်းကြေးထပ်ခဲ့သည်။ ထိုသင်တန်းကျောင်းပိုင်ရှင် မာဆာယို ရှီအိုအီဝါနီက ၎င်း၏ကာစီနို သင်တန်းကျောင်းအား စိတ်ဝင်စားမှု တစ်ရှိန်ထိုး မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သောနှစ်ကထက် သင်တန်းအတွက် စာရင်းသွင်းသူ နှစ်ဆမြင့်တက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်သည် ကာစီနိုများအား ကာလရှည်ကြာ ပိတ်ပင်ထားသည့် တစ်နိုင်ငံတည်းသော ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်ခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ်တွင်မူ ထိုလောင်းကစား လုပ်ငန်းအား တရားဝင်ဖြစ်စေရန် လမ်းဖွင့်ပေးမည့် ဥပဒေတစ်ခုကို ပြဋ္ဌာန်းခဲ့သည်။ ကာစီနိုများ၊ ခန်းမကျယ်ကြီးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေး ခန်းမများ ပေါင်းစပ်ထားသည့် အပန်းဖြေစရာ မျိုးစုံပါဝင်သောစခန်း သုံးခုအား တည်ဆောက်ရန် ဥပဒေကြမ်းတစ်ခုကို ဂျပန်အောက်လွှတ်တော်က ဇွန် ၁၉ ရက်တွင် အတည်ပြုခဲ့သည်။

နိုင်ငံထဲ၌ ချမ်းသာကြွယ်ဝသူ ပေါများခြင်း၊ တရုတ်နှင့် ကပ်လျက်တည်ရှိခြင်း၊ မြင်းပြိုင်ပွဲ၊ အကြွေစေ့ ထည့်၍ ဆော့ရသော ကစားနည်း Pachinko တို့အပါအဝင် အခြားပုံစံဖြင့် တရားဝင် လောင်းကစားများကို စွဲလမ်းစွာ ကစားခြင်းတို့ကြောင့်  ဂျပန်သည် အာရှတွင် လောင်းကစားကဏ္ဍ၌ ကောင်းကင်ဘုံဟု အမြဲတမ်း ရှုမြင်ခံခဲ့ရသည်။

ဂျပန်သည် ကာစီနိုလုပ်ငန်းများမှတစ်ဆင့် တစ်နှစ်လျှင် ယန်း ၂ ထရီလျံမှ ၃ ဒသမ ၇ ထရီလျံ (ဒေါ် လာ ၁၈ ဘီလျံမှ ၃၄ ဘီလျံ) အထိရရှိနိုင်ကြောင်း ဘောဂဗေဒ ပညာရှင်များက ခန့်မှန်းထားသည်။ ဗဟိုအစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများကလည်း ထိုကာစီနို လုပ်ငန်းများအတွက် ဝင်ငွေခွန်ကို ရာခိုင်နှုန်း ၃၀ ပေါင်း စပ်ကောက်ခံရန် စီစဉ်နေသည်။

တိုးတက်မှုတန့်နေသော နိုင်ငံ့စီးပွားရေးကို အရှိန်မြှင့်နိုင်ပြီး စီးပွားရေး ခရီးသွားများနှင့် ခရီးသွားသစ်များအား ဆွဲဆောင်နိုင်မည့် ဂျပန်ပုံစံ လတ်စ်ဗီးဂတ်စ် သို့မဟုတ် မကာအို ဖြစ်လာစေရန် ဂျပန်အစိုးရက မျှော်လင့်ထားသည်။ လောင်းကစားကို အလွန်အကျွံစွဲလမ်းမှု ပြဿနာ အထင်အရှားရှိနေသည့် ဂျပန်အတွက် စိုးရိမ်မှုများ အပါအဝင် တက်ကြွလှုပ်ရှားသူများ၏ အတိုက်အခံပြုမှုများကို ဂျပန်အစိုးရက ပယ်ချခဲ့သည်။

အဓိကလုပ်ငန်းသစ်

အပန်းဖြေစရာမျိုးစုံပါသော စခန်းတစ်ခု တည်ဆောက်လျှင်ပင် အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်ပြီး ဒေသဆိုင်ရာ စီးပွားရေးကို ကြီးမားသော သက်ရောက်မှုရှိနိုင်ကြောင်း၊ ခရီးသွားများကလည်း ဒေသမျိုးစုံသို့ လာရောက်ကြမည်ဖြစ်ပြီး အဓိက လုပ်ငန်းသစ် တစ်မျိုးအဖြစ် တိုးတက်လာနိုင်ကြောင်း အိုဆာကာ ကုန်သွယ်ရေး တက္ကသိုလ်မှ ကာစီနိုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် တိုရူမီဟာရာက သုံးသပ်ခဲ့သည်။

ယခုလနှောင်းပိုင်းတွင် အထက်လွှတ်တော်၌ အတည်ပြုဖွယ်ရှိသည့် ယင်းဥပဒေကြမ်းအရ နိုင်ငံတွင်းရှိ ဒေသများက အပန်းဖြေစရာ မျိုးစုံပါဝင်သော စခန်းသုံးခုအား တည်ဆောက်ခွင့် ရရှိနိုင်ရန်အတွက် ကြိုးပမ်းကြမည်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်အတွက် အချိန်ဇယားနှင့် လိုအပ်ချက်များကို မသတ်မှတ် ရသေးသော်လည်း မြူနီစီပယ် အစိုးရများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနိုင်သူများအား စတင်ဆက်သွယ်နေကြပြီ ဖြစ်သည်။

ထိုစိတ်ဝင်စားသူများထဲတွင် ပါဝင်ခဲ့ကြသည့် Las Vegas Sands နှင့် MGM Resorts တို့က အိုဆာကာမြို့၌ အဆိုပြုထားသည့် အပန်းဖြေစရာမျိုးစုံပါသည့် စခန်းအတွက် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှုပ်နှံရန် အလားအလာရှိကြောင်း သိရသည်။ ပြည်ပကာစီနိုကုမ္ပဏီ အချို့ကလည်း လာမည့်ငါးနှစ်မှ ခြောက်နှစ်အတွင်း ဂျပန်တွင် ကာစီနိုများဖွင့်ပါက ဒေသခံဝန်ထမ်းများ အသင့်ဖြစ်နိုင်စေရန် ပြည်ပရှိ ၎င်းတို့၏ကုမ္ပဏီများ၌ ဂျပန်အလုပ်သမားများကို စတင်ခန့်အပ် ထားကြပြီဖြစ်သည်။

လောင်းကစား စွဲလမ်းမှု

ဂျပန်တွင် လောင်းကစား စွဲလမ်းမှုပြဿနာ ရှိနေပြီးဖြစ်ပြီး လူ ၃ ဒသ မ ၂ သန်းခန့် လောင်းကစား အလွန်အမင်း စွဲလမ်းနေကြောင်း အစိုးရက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ ထိုလောင်းကစား စွဲလမ်းသူ အများအပြားသည် အစိုးရက နှစ်မျိုးပေါင်း အခွန်ယန်း ၂၁ ဒသမ ၆ ထရီလျံ ရရှိနေသော Pinball ပုံစံ Pachinko ကစားနည်း သို့မဟုတ် Pachisko အကြွေစေ့ ကစားနည်းတို့ကို စွဲလမ်းနေကြခြင်းဖြစ်သည်။

ထိုကစားရုံ ၁၀၀၀၀ ခန့်အား နိုင်ငံထဲတွင် ဖွင့်လှစ်ထားပြီး ရုံအများအပြားအား ဘူတာရုံများအနီး၌ အလွယ်တကူ ကစားနိုင်ရန် ဖွင့်ထားကြောင်း သိရသည်။

ဂျပန်တွင် အစိုးရက ထိန်းချုပ်ထားသော မြင်းပွဲ၊ ဆိုင်ကယ်ပြိုင်ပွဲ၊ လှေပြိုင်ပွဲ၊ ဆိုင်ကယ်ပြိုင်ပွဲများအပြင် ဘောလုံးလောင်းကစားနှင့် အောင်ဘာလေထီတို့သည် ယန်းငါးထရီလျံ တန်ဖိုးရှိသော ဈေးကွက် ဖြစ်သည်။ ကာစီနိုများအား ထောက်ခံသူနှင့် ကန့်ကွက်သူ နှစ်မျိုးစလုံးက ဂျပန်တွင် လောင်းကစားစွဲလမ်းမှု ပြဿနာအား ကာလရှည်ကြာ လျစ်လျူပြုခံထားရကြောင်းကိုမူ လက်ခံခဲ့ကြသည်။

လောင်းကစား စွဲလမ်းသူများအတွက် ကူညီဆောင်ရွက်နေသည့် အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ နိုရီကိုတာနာကာက ထိုဥပဒေကြမ်းသည် လောင်းကစားသမားများက ကာစီနိုများ၌ ကစားနိုင်ရန် အကြွေးပေး ကတ်များအား အလွယ်တကူ အသုံးပြုနိုင်ခြင်းရှိမှုနှင့် လောင်းကစားစွဲလမ်းမှုအား တိုက်ဖျက်ရန်အတွက် ငွေကြေးထောက်ပံ့ပေးမည့် ခိုင်မာသော ကတိပြုခြင်း မပါဝင်မှုတို့ကို ထောက်ပြခဲ့သည်။ ထို့ပြင်  ယင်းဥပဒေကြမ်းတွင် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့သည့် အချက်တစ်ချက်ဖြစ်သော ကာစီနိုဆိုင်ရာ ကော်မရှင်တွင် လောင်းကစား စွဲလမ်းမှု တိုက်ဖျက်ရေး ကျွမ်းကျင်ပညာရှင်များအတွက် နေရာတစ်နေရာ လျာထားပေးခဲ့ခြင်းလည်း မရှိခဲ့ပေ။

သို့သော် လောင်းကစားစွဲလမ်းမှုအား ဟန့်တားရန် ဒေသခံများအတွက် ကာစီနိုဝင်ကြေးအား ယန်း ၆၀၀၀ ( ၅၅ ဒေါ်လာ) သတ်မှတ်ရန်နှင့် လာရောက်ကစားမှုကို တစ်လလျှင် ၁၀ ကြိမ်ထက် ပို၍ခွင့်မပြုရန် ကန့်သတ်ချက်များကို ဥပဒေပြု အမတ်များက သဘောတူခဲ့ကြသည်။

Ref : AFP

Most Read

Most Recent