၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်အား သေဒဏ်ချမှတ်

၂၀၁၆ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွက် အင်ဒိုနီးရှား ဘာသာရေးခေါင်းဆောင်အား သေဒဏ်ချမှတ်
Published 23 June 2018

ဇွန် ၂၂ ရက်က တောင်ဂျကာတာတရားရုံး၌ အင်ဒိုနီးရှားဘာသာရေးခေါင်းဆောင် အဗ္ဗဒူရာမန် (လယ်) ကို တွေ့ရစဉ် (Photo - AFP)

အင်ဒိုနီးရှား၌ ၂၀၁၆ ခုနှစ်ကဖြစ်ပွား ခဲ့သော IS တိုက်ခိုက်မှုတစ်ခုတွင် ပါဝင်ခဲ့သည့် အခန်းကဏ္ဍအတွက် အင်ဒိုနီးရှားဘာသာရေးဆရာ အာမန်အဗ္ဗဒူရာမန်သည် ဇွန် ၂၂ ရက်တွင် သေဒဏ်ချမှတ်ခံရသည်။ အဆိုပါတိုက်ခိုက်မှုတွင် အသေခံဗုံးခွဲသမားတစ်ဦးသည် ဂျကာတာရှှိ Starbucks ကော်ဖီဆိုင်၌ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင် ဖြစ်သည်။       အဗ္ဗဒူရာမန်သည် လူလေးဦး အသက်ဆုံးရှုံးခဲ့ရသည့် ထိုတိုက်ခိုက်မှုကို ကြိုးကိုင်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း အစောပိုင်းကတည်းက တွေ့ရှိခဲ့ပြီးဖြစ်သည်။ ဂျကာတာ တရားရုံးတွင် ၎င်းအား သေဒဏ်ချမှတ်ခဲ့သည့် ယခုရုံးချိန်းကို လက်နက်ကိုင်အစောင့်အရှောက်များ ထူထပ်စွာချထားခဲ့သည်။

“တရားခံဟာ အကြမ်းဖက်ရာဇဝတ် မှုကျူးလွန်ခဲ့တယ်လို့ အတည်ပြုပြီးဖြစ်ပါတယ်” ဟု တရားသူကြီး အာမတ်ဂျိုင်နီက ပြောကြားခဲ့သည်။ အဗ္ဗဒူရာမန်အား သေဒဏ်ချရသည့် အကြောင်းရင်းထဲ၌ အခြားသော တိုက်ခိုက်မှုများလည်း ၎င်းပါဝင်ပတ်သက်မှုရှိခဲ့ခြင်းများလည်း ပါဝင်သည်ဟု တရားသူကြီးက ကိုးကားပြောကြားခဲ့သည်။

အကြမ်းဖက်မှုအားကြိုးကိုင်သည်ဟု ပြစ်မှုထင်ရှားသည့် အဗ္ဗဒူရာမန်မှာမူ တရားရုံး၌ ပျင်းရိသည့်ပုံဖြင့် ထိုင်နေခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရချိန်တွင်လည်း စိတ်လှုပ်ရှားမှု အနည်းငယ်ကိုသာ ပြသခဲ့သည်။

ကမ္ဘာပေါ်တွင် မွတ်စလင်ဦးရေအများ ဆုံးနေထိုင်ပြီး အစ္စလာမ္မစ်စစ်သွေးကြွမှုနှင့် ကာလရှည်ကြာရင်ဆိုင်နေရသော အင်ဒိုနီးရှားနိုင်ငံတွင် သေဒဏ်ချမှတ်ခံရသူများကို သေနတ်အဖွဲ့ဖြင့် ကွပ်မျက်ခြင်း ဖြစ်သည်။

၂၀၀၂ ခုနှစ်က အပန်းဖြေကျွန်းဘာလီတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၀၀ ကျော် ရှိခဲ့ပြီးအများစုမှာ နိုင်ငံခြားသား ခရီးသွားများဖြစ်ကြသည်။ ယင်းဖြစ်စဉ်သည် အင်ဒိုနီးရှား၏ အဆိုးရွားဆုံးအကြမ်းဖက် တိုက်ခိုက်မှုလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်က မြို့တော်ဂျကာတာ၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် အသေခံ ဗုံးခွဲမှုဖြစ်ပွားခဲ့ရာ Starbucks ကော်ဖီဆိုင် အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သေနတ်ကိုင် စစ်သွေးကြွများနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သေးသည်။ ထိုတိုက်ခိုက်မှုသည် အရှေ့တောင်အာရှနိုင်ငံတွင် IS တို့ ၏လက်ချက်ဟု ထုတ်ပြန်သော ပထမဆုံးတိုက်ခိုက်မှုလည်း ဖြစ်သည်။

အသက် ၄၆ နှစ်အရွယ်ရှိပြီဟု ယူဆရသော အဗ္ဗဒူရာမန်ကို အင်ဒိုနီးရှားနိုင်ငံမှ IS ထောက်ခံသူများ၏ ခေါင်းဆောင်ဟု ရှုမြင်ခံရသည်။ ထို့ပြင် အဗ္ဗဒူရာမန်သည် ပြည်တွင်းအကြမ်းဖက်ကွန်ရက်ဖြစ်သော Jamaah Ansharut Daulah (JAD) ၏ အယူဝါဒပိုင်းဆိုင်ရာ ခေါင်းဆောင်လည်း ဖြစ်သည်။

JAD သည် ၂၀၁၆ ခုနှစ်တိုက်ခိုက်မှုအပြင် မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာ၌ ဆက်တိုက်ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲမှုများ၌ ပါဝင်ပတ်သက်ခဲ့သည်ဟု အာဏာပိုင်များက စွပ်စွဲခဲ့ကြသည်။ မိသားစုလိုက် အသေခံဗုံးခွဲမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည့် ဆူရာဘာယာတိုက်ခိုက်မှုများနှင့် ပတ်သက်၍ မူအဗ္ဗဒူရာမန်သည် စွဲချက်တင်ခံရခြင်း မရှိပေ။

အဗ္ဗဒူရာမန်သည် ၂၀၁၀ ပြည့်နှစ်ကတည်းက အကျဉ်းကျနေခြင်းဖြစ်သော်လည်း  IS ထဲသို့ ဝင်ရန်လူသစ်စုဆောင်ခြင်းများ၊ ဂျီဟတ်အုပ်စုများ၏ ခေါင်းဆောင်များနှင့် အဆက်အသွယ်လုပ်ခြင်းများ ရှိနေဆဲဖြစ်သည်။ ထို့ပြင် အင်ဒိုနီးရှားထဲမှ IS ဝါဒဖြန့် ချိရေးတို့အတွက် အဗ္ဗဒူရာမန်သည် အဓိက ဘာသာပြန်ပေးသူတစ်ဦးဖြစ်သည်ဟု ယူဆခံထားရသည်။

Ref; AFP

Most Read

Most Recent