မိသားစုခွဲထားမှု အစီအစဉ်ကြောင့် အမေရိကန်အစိုးရ ဝေဖန်ခံနေရစဉ် ထရန့်၏ဇနီးက နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းသို့ သွားရောက်

မိသားစုခွဲထားမှု အစီအစဉ်ကြောင့် အမေရိကန်အစိုးရ ဝေဖန်ခံနေရစဉ် ထရန့်၏ဇနီးက နယ်စပ်ရှိ ထိန်းသိမ်းရေးစခန်းသို့ သွားရောက်
Published 23 June 2018

ဇွန် ၂၁ ရက်က တက္ကဆက်ရှိ ရွှေ့ပြောင်းအခြေချကလေးများအား ထိန်းသိမ်းထားသည့် စင်တာသို့ သမ္မတထရန့်၏ဇနီး မီလန်နီယာက သွားရောက်ခဲ့စဉ် (Photo - AFP)

ရွှေ့ပြောင်းအခြေချမိသားစုများအား မိဘနှင့်ကလေးများ သီးခြားခွဲထားမှုအတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရမှုကို ဖြေဖျောက်နိုင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက ကြိုးပမ်းနေချိန်တွင် ထရန့်၏ ဇနီးဖြစ်သူ မီလန်နီယာထရန့်က ဇွန် ၂၁ ရက်တွင် အမေရိကန်-မက္ကဆီကိုနယ်စပ်သို့ အံ့အားသင့်ဖွယ် သွားရောက်ခဲ့သည်။ ယင်းအချိန်တွင် ရီပက်ဘလီကင် ဥပဒေပြုအမတ်များက ထိုအကျပ်အတည်းအတွက် အလွန်အမင်းအရေးကြီးသည့်မဲခွဲမှုကို ရွှေ့ဆိုင်းထားခဲ့ရသည်။

နောက်ထပ်အစီအစဉ်များဖော်ဆောင်ရန် ထရန့်အစိုးရက ရုန်းကန်နေရချိန်တွင် ပင်တဂွန်က ၎င်းတို့၏ တာဝန်ရှိသူများသည် အလွန်ရှည်ကြာမည့် ထိုပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် အသင့်ပြင်ထားသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်စစ်ဘက်က အုပ်ထိန်းသူမပါသည့် ရွှေ့ပြောင်းအခြေချကလေး ၂၀၀၀၀ အထိကို ၎င်းတို့၏ စခန်းများတွင် ထားရှိရန် ပြင်ဆင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းနှင့်ပြည်ပကို ဒေါသထွက်စေခဲ့သော ရွှေ့ပြောင်းအခြေချ မိသားစုများအား တကွဲတပြားထားရှိသည့် လုပ်ထုံးလုပ်နည်းကို အဆုံးသတ်ရန် ထရန့်က ညွှန်ကြားခဲ့ပြီးနောက် တစ်ရက်အကြာ ဇွန် ၂၁ ရက်တွင် မီလန်နီယာက မကြေညာဘဲ နယ်စပ်သို့သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနှင့် အယ်ဆာဗေးဒိုးတို့မှ အသက် ငါးနှစ်မှ ၁၇ နှစ် အကြားရှိ ကလေး ၅၅ ဦးခန့်ကို ထိန်းသိမ်းထားသည့် အစိုးရအထောက်အပံ့ယူ စခန်းတစ်ခုဖြစ်သော တက္ကဆက်ပြည်နယ် မက်အယ်လန်ရှိ Upbring New Hope Children’s Shelter  သို့ မီလန်နီယာက သွားခဲ့ခြင်းဖြစ်သည်။ မီလန်နီယာက လူမှုဝန်ထမ်းများ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွှေ့ပြောင်းအခြေချမိသားစုဝင်များ အမြန်ဆုံး ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ကူညီနိုင်မည့်နည်းလမ်းကို မေးမြန်းခဲ့သည်။

သံကြိုးနှင့်ပုံစံတူ၊ လှောင်အိမ်များနှင့် ပုံစံတူသော စိစစ်ရေးစခန်းများတွင် ငိုကြွေး နေကြသည့် ကလေးများ၏ ဓာတ်ပုံများနှင့် အသံဖိုင်များ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံတကာက ဒေါသထွက်ခဲ့ကြသည်။ နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသူများအား တရားစွဲဆိုပြီး ၎င်းတို့၏ ကလေးများအား သီးခြားခွဲထားမည့်မူဝါဒကို ပြီးခဲ့သော မေလအစောပိုင်းတွင်  ထရန့်အစိုးရက ချမှတ်ခဲ့ပြီးနောက် ထိုမိသားစုခွဲထားမှုများအား ရပ်ဆိုင်းရန်အတွက် နိုင်ငံရေးအရ ညှိနှိုင်းမှုပြုလုပ်ရန် မီလန်နီယာ ကိုယ်တိုင်က တောင်းဆိုခဲ့သည်။

မီလန်နီယာသည် ထိုထိန်းသိမ်းရေး စခန်း၌ တစ်နာရီကျော်ကြာနေခဲ့ပြီး ကလေးများအား အင်္ဂလိပ်လို တိုက်ရိုက်ပြောခြင်း သို့မဟုတ် စကားပြန်မှတစ်ဆင့် စပိန်လိုပြောကြားခဲ့ကြောင်း သိရသည်။ မီလန်နီယာသည် ထိုစခန်းသို့သွားရောက်စဉ် I really don’t care . Do U? ဟု ရေးထားသည့်အပေါ် အင်္ကျီကို ဝတ်ဆင်ထားသဖြင့် အငြင်းပွားမှုများ ဖြစ်စေခဲ့ပြီး အင်တာနက်တွင် ခန့်မှန်းပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်အောက်လွှတ်တော်တွင် ရီပက်ဘလီကင်များက ရွှေ့ပြောင်းအခြေချဆိုင်ရာ ဥပဒေကြမ်းနှစ်ခုကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းမှုသည် အရာမထင်သေးပေ။ သဘောထားတင်းမာသော အဆိုပြုချက်သည် မျှော်လင့်ထားသည့်အတိုင်း အရေးနိမ့်ခဲ့သည်။ မိသားစုများအား ခွဲထားမှုကို အဆုံးသတ်ပြီး တစ်ဖက်တွင် တရားဝင် ရွှေ့ပြောင်းအခြေချ ဝင်လာမှုအား ကန့်သတ်ရန်၊ လူငယ်ရွှေ့ပြောင်းများအား ကာကွယ်ပေးရန်တို့ပါဝင်သည့် ဥပဒေကြမ်းကို မဲခွဲရန် ဆုံးဖြတ်ထားမှုအား လာမည့်သီတင်းပတ်သို့ ရွှေ့ဆိုင်းခဲ့သည်။                                              Ref ; AFP

Most Read

Most Recent