အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ကမ္ဘာတစ်ဝန်းတွင် ကျင်းပ
Published 22 June 2018

ဇွန် ၂၁ ရက်က Dehradun မြို့ရှိ သစ်တောသုတေသန အင်စတီကျုတွင် ယောဂအစီအစဉ်၌ ဝန်ကြီးချုပ်မိုဒီက ပူးပေါင်းပါဝင်နေစဉ် (Photo: AFP)

ဟိမဝန္တာတောင်တန်းဒေသများတွင်၊ ဝေဟင်ပေါ်တွင်၊ သင်္ဘောများပေါ်တွင် အပါအဝင် ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ဇွန် ၂၁ ရက်၌ ဆင်နွှဲခဲ့ကြသည်။ ယောဂအစီအစဉ်များအား ကမ္ဘာလုံးဆိုင်ရာ အခမ်းအနားအဖြစ် အသိအမှတ်ပြုရန် အဆိုပြုခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ကုလသမဂ္ဂထံမှ အတည်ပြုမှု ရယူနိုင်ခဲ့သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကဦးဆောင်၍ နိုင်ငံမြောက်ပိုင်း Dehradun မြို့ရှိ ပြန့်ကြဲနေသော သစ်တောသုတေသန အင်စတီကျုတွင် အခြားလူ ၅၀၀၀၀ ကျော်နှင့်အတူ ယောဂအခမ်းအနားကို နံနက်ပိုင်း၌ ဆင်နွှဲခဲ့သည်။

ထို့ပြင် မြို့တော်နယူးဒေလီတစ်ဝန်းတွင် အခြားစုဝေးမှုများ၌ စိတ်အားထက်သန်သူ ၁၀၀၀၀ ခန့်က ပါဝင်မှုအပြင် အာမက်ဒါဘတ်၊ မွမ်ဘိုင်းနှင့် ပတ်နာတို့အပါအဝင် နိုင်ငံတစ်ဝန်းမှ ဒေသများတွင် ထိုအခမ်းအနား ၅၀၀၀ ကျော်ကို ပြုလုပ်ခဲ့ကြသည်။ မြို့တော်ဒေလီတွင် လေထုညစ်ညမ်းမှုသည် ကျန်းမာရေးနှင့် မညီသည့်အဆင့်သို့ ရောက်ရှိနေပြီး ရာသီဥတုသည် ပူပြင်း၊ ထိုင်းမှိုင်းနေသော်လည်း လူရာပေါင်းများစွာက Lodi Gardens ပန်းခြံ၌ ယောဂအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

ယောဂသည် အိန္ဒိယမှ ဦးစွာထွက်ပေါ်လာခဲ့ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ပြုလုပ်နေကြပြီဖြစ်ကြောင်း ပါဝင်သူတစ်ဦးဖြစ်သည့် အသက် ၂၃ နှစ်ရှိ ဆင်းဟာ့တ်ဆင်းက ပြောကြားခဲ့သည်။

ထို့ပြင် ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုများ၌ ပါဝင်ခဲ့သော ဂျပန်ရေတပ်သင်္ဘော JS Ise နှင့် အိန္ဒိယရေတပ်သင်္ဘော INS Sahyadri တို့ပေါ်တွင်လည်း အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အိန္ဒိယရေငုပ်သင်္ဘော တစ်စင်းမှ အမှုထမ်းများက ထိုအခမ်းအနားတွင် ပါဝင်ဆင်နွှဲနေသည့်ဓာတ်ပုံများအား ရေတပ်က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယလေတပ်မှ လေထီးခုန်နည်းပြများက မြေပေါ်သို့ဆင်းလာစဉ် ယောဂကျင့်သည့်ပုံစံ သရုပ်ဖော်မှု လုပ်ဆောင်ခဲ့ကြောင်း ဓာတ်ပုံများကိုလည်း Twitter တွင် ဖော်ပြခဲ့ကြသည်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၈၀၀၀ (မီတာ ၅၅၀၀) ရှိ ဟိမဝန္တာဒေသရှိ ကန္တာရကုန်းပြင်မြင့်တွင် အင်ဒို-တိဘက် နယ်စပ်ရဲတပ်ဖွဲ့ဝင်များက အလွန်အေးမြနေသည့် ရာသီဥတုကို အံတုလျက် ယောဂအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုတွင် အသက် ၆၀ ကျော်နှင့် ၇၀ ကျော် အများစုပါဝင်သည့် လူ ၈၀ ခန့်က Zojoji ဘုရားကျောင်းတွင် အထူးယောဂအစီအစဉ်ကို ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင်လည်း လူ ၃၀၀ ခန့်က အရုဏ်ချိန်၌ ယောဂ အစီအစဉ်ကို ဆင်နွှဲခဲ့ကြသည်။ ထို့ပြင် အိုင်ယာလန်ရှိ ကီကင်နီ၊ အီတလီရှိ မီလန်၊ နယူးယောက်ရှိ တိုင်းမ်စကွဲတို့တွင်လည်း အပြည်ပြည်ဆိုင်ရာယောဂနေ့ကို ဆင်နွှဲကြမည်ဖြစ်သည်။ သို့သော် ဇွန် ၂၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ယောဂနေ့မတိုင်မီ ပြီးခဲ့သော သီတင်းပတ်ကုန်ကတည်းက ပါရီ၊ ဆိုးလ်နှင့် ဒါဘန်တို့အပါအဝင် မြို့ကြီးအချို့တွင် ထိုအခမ်းအနားကို ဆင်နွှဲခဲ့ကြပြီးဖြစ်သည်။ ယောဂကျင့်မှုအား ပြုလုပ်သူအရေအတွက်သည် မကြာသေးမီ ဆယ်စုနှစ်များစွာအတွင်း သန်းပေါင်းများစွာ သန်းပေါင်း ၃၀၀ အထိ တစ်ရှိန်ထိုးမြင့်တက်ခဲ့သည်။ သို့သော် အနောက်တိုင်းတွင်မူ ယောဂကို စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုဆိုသည်ထက် ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းလုပ်သည်ဟုသာ ပိုမိုသဘောထားခဲ့သည်။

Ref: AFP

Most Read

Most Recent