နယူးဇီလန်ဝန်ကြီးချုပ် သမီးမိန်းကလေး မွေးဖွား

နယူးဇီလန်ဝန်ကြီးချုပ် သမီးမိန်းကလေး မွေးဖွား
Published 22 June 2018

ဧပြီ ၂၀ ရက်က လန်ဒန်တွင် အလိဇဘတ်ဘုရင်မကြီး၏ ညစာစားပွဲသို့ နယူးဇီလန်ဝန်ကြီးချုပ် အာဒန် (ဝဲ) က တက်ရောက်လာစဉ် (Photo: AFP)

နယူးဇီလန်ဝန်ကြီးချုပ် ဂျာဆင်ဒါအာဒန်သည် ဇွန် ၂၁ ရက်တွင် အောက်ကလန်ရှိ ဆေးရုံတစ်ရုံတွင် ကျန်းမာသန်စွမ်းသည့် သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့ပြီး တာဝန်ထမ်းဆောင်စဉ်အတွင်း ကလေးမွေးဖွားသည့် ဒုတိယမြောက် ကမ္ဘာ့ခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့သည်။

၃ ဒသမ ၃ ကီလိုဂရမ် (၇ ဒသမ ၃ ပေါင်) ရှိသည့် ယင်းကလေးသည် အသက် ၃၇ နှစ်အရွယ်ရှိ ဂျာဆင်ဒါအာဒန်နှင့် ၎င်း၏အတူနေ အဖော် ကလက်ဂေးဖို့ဒ်တို့အတွက် ပထမဆုံးကလေးဖြစ်သည်။

“အခုမှ ပူပူနွေးနွေးမိဘဖြစ်လာတဲ့ သူတွေရဲ့ အတွေ့အကြုံအားလုံးကို ကျွန်မတို့ ခံစားသိရှိပါပြီ။ ကြင်နာစိတ်နဲ့ ဆုတောင်းပေးမှုတွေအတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု အာဒန်က ပြောကြားခဲ့သည်။

အာဒန်က ကျန်းမာသန်စွမ်းသည့် ကလေး၏ ဓာတ်ပုံကို Instagram တွင် ဖော်ပြခဲ့သည်။ “အောက်ကလန်မြို့ဆေးရုံက ကျွမ်းကျင်တဲ့ဆေးရုံဝန်ထမ်းအဖွဲ့ကိုလည်း ကျွန်မတို့ ကျေးဇူးတင်ပါတယ်” ဟု အာဒန်က ရေးသားခဲ့သည်။

အာဒန်သည် ဇွန် ၁၇ ရက်တွင် မီးဖွားမည်ဟု ရက်သတ်မှတ်ထားသော်လည်း ဇွန် ၂၁ ရက် နံနက်မှသာ ဆေးရုံတက်ပြီး ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။

သြဇာလွှမ်းမိုးမှုရှိသည့် အာဒန်သည် ၁၉၉၀ ပြည့်နှစ်က ပါကစ္စတန်၏ဝန်ကြီးချုပ်ဖြစ်သည့် ဘနာဇီယာဘူတိုပြီးလျှင် တာဝန်ထမ်းဆောင်စဉ်အတွင်း ကလေးမွေးဖွားသည့် ဒုတိယမြောက်အမျိုးသမီးခေါင်းဆောင် ဖြစ်လာသော်လည်း ၎င်းက ယင်းအရေးပါမှုကို မှိန်ပစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည့် ဘူတိုသည် သမီးဖြစ်သူ Bakhtawar ကို ၁၉၉၀ ပြည့်နှစ် ဇန်နဝါရီတွင် မွေးဖွားခဲ့သည်။ Bakhtawar က ၎င်းသည် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးဝန်ကြီးချုပ်က မွေးဖွားသည့် ပထမဆုံးကလေးဟု Twitter တွင် ရေးသားခဲ့သည်။

“လူအတော်များများက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ကိုယ်ပိုင်ဘဝတွေမှာ အရာများများကို မဖြစ်ဖြစ်အောင် စီစဉ်လုပ်ဆောင်ခဲ့ကြတယ်။ ကျွန်မက တစ်မူထူးခြားတဲ့သူ မဟုတ်ပါဘူး။ ကျွန်မရှေ့မှာ အလုပ်တာဝန် အများကြီးလုပ်ခဲ့တဲ့ အမျိုးသမီးတွေတစ်ပုံကြီး ရှိပါတယ်” ဟု အာဒန်က ကိုယ်ဝန်ရှိနေပြီဟု ဇန်နဝါရီတွင် အသိပေးခဲ့စဉ်က ပြောကြားခဲ့သည်။ အာဒန်သည် ရွေးကောက်ပွဲ မဲဆွယ်သည့်ကာလအတွင်း မိခင်ဘဝအတွက် အစီအစဉ်များကို ဆွေးနွေးမှုကို ငြင်းဆိုခဲ့သည်။

အာဒန် မီးဖွားခွင့်ယူထားသည့် သီတင်းခြောက်ပတ်တွင် ၎င်း၏ လက်ထောက်ဖြစ်သော ဒုတိယဝန်ကြီးချုပ် ဝင်စတန်ပီတာက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သော်လည်း အရေးပါသည့်အကြောင်း ကိစ္စများနှင့် ပတ်သက်ပြီး ၎င်းက အကြံဉာဏ် ပေးမည်ဖြစ်သည်။

“ကလေးယူဖို့ ဆုံးဖြတ်တယ်ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ပါ။ ဒါ နဲ့ပတ်သက်ပြီး သူတို့အလုပ်ရတယ် (ဒါမှမဟုတ်) အလုပ်အကိုင် အခွင့်အလမ်းတွေ ရတယ်ဆိုတာကို ကြိုတင်ဟောကိန်း မထုတ်သင့်ပါဘူး” ဟု အာဒန်က ယင်းအချိန်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent