နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ကို ထုတ်ပြန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားအား တိုက်တွန်း

နျူကလီးယား ဖျက်သိမ်းရေး အစီအစဉ်ကို ထုတ်ပြန်ရန် တောင်ကိုရီးယားက မြောက်ကိုရီးယားအား တိုက်တွန်း
Published 22 June 2018

ဇွန် ၂၁ ရက်က ပေကျင်းမှ ပြန်လည်ထွက်ခွာမည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် (ဝဲ) အား တရုတ်သမ္မတ ရှီကျင်ပင်းနှင့်ဇနီးတို့က နှုတ်ဆက်နေစဉ် (Photo: AFP)

နျူကလီးယား ဖျက်သိမ်းရေးအား ဦးတည်သော ခိုင်မာသည့်ခြေလှမ်းများကို လှမ်းရန်အတွက် အစီအစဉ်တစ်ခုအား ချပြရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို ဇွန် ၂၀ ရက်တွင် တိုက်တွန်းခဲ့ပြီး တရုတ်သမ္မတ ရှီကျင်ပင်းနှင့် တွေ့ဆုံခဲ့သည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို ဖိအားတိုးမြှင့်ခဲ့သည်။ ကင်နှင့် ရှီတို့သည် ပေကျင်းရှိ Diaoyutai နိုင်ငံတော်ဧည့်ဂေဟာ၌ ဒုတိယမြောက်နေ့ တွေ့ဆုံဆွေးနွေးမှုသည် အလွန်အမင်းနီးကပ်ပြီး ရင်းရင်းနှီးနှီးရှိခဲ့ကြောင်း တရုတ်အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

ကင်နှင့်တွေ့ဆုံစဉ် နွေးထွေးသော မိတ်ဖက်ဖြစ်မှုအား ရှီက ဂုဏ်ပြုခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သော်လည်း ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ဖျက်သိမ်းရေးကို တိုးတက်မှုရှိစေရန်အတွက် လုပ်ဆောင်ရန် အထူးပြုသည့် မည်သည့်ဆွေးနွေးမှုကိုမျှ ရည်ညွှန်းမဖော်ပြခဲ့ပေ။ ကိုရီးယားကျွန်းဆွယ်တွင် ညှိနှိုင်းဆွေးနွေးမှုအတွက် အရှိန်ရနေမှုနှင့် တင်းမာမှုလျော့ကျလာမှုတို့ကို တရုတ်က ကျေနပ်နေကြောင်း ရှီက ပြောကြားခဲ့သည်ဟုလည်း ဆင်ဟွာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏နျူကလီးယား စီမံကိန်းအား မည်သို့ဖျက်သိမ်းမည့် အကြောင်းကို အစီအစဉ် ထုတ်ပြန်ပေးရန်၊ အမေရိကန်အတွက် တူညီသောအရေးယူ ဆောင်ရွက်မှုများကို အလျင်အမြန် လုပ်ဆောင်ရန် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက တိုက်တွန်းခဲ့သည်။ နျူကလီးယား ဖျက်သိမ်းရေးအတွက် ပိုမိုခိုင်မာသော အစီအစဉ်များကို မြောက်ကိုရီးယားက ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ယင်းအစီအစဉ်သည် ကျယ်ပြန့်သော အရေးယူဆောင်ရွက်မှုများကို အလျင်အမြန် လုပ်ဆောင်နိုင်ရန်အတွက် အမေရိကန်အတွက်လည်း လိုအပ်ကြောင်း မွန်းက ယခုသီတင်းပတ်နှောင်းပိုင်းတွင် မော်စကိုသို့ မသွားရောက်မီ ရုရှားမီဒီယာသို့ ပြောကြားခဲ့သည်။

ကင်ဂျုံအွန်သည် ခိုင်မာစိတ်ချရသော လုံခြုံရေးအာမခံချက်များ ရရှိပါက ၎င်းတို့၏ နျူကလီးယားလက်နက် စီမံကိန်းများအား စွန့်လွှတ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအာရုံစိုက်ရန် လိုလားနေကြောင်း မကြာသေးမီလများအတွင်း ကင်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည့် မွန်းက ပြောကြားခဲ့သည်။ ကင်သည် ပွင့်လင်းသော၊ သတိရှိသော၊ ယဉ်ကျေးသောသူတစ်ဦးဖြစ်သည်ဟု မွန်းက ခိုင်းနှိုင်းခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား အစီအစဉ်များအား ချက်ချင်းနှင့် နောက်ပြန်လှည့်၍မရသော အလုံးစုံဖျက်သိမ်းမှု လုပ်ဆောင်ရန် ဝါရှင်တန်၏ တောင်းဆိုချက်အား ဆန့်ကျင်လျက် နျူကလီးယား ဖျက်သိမ်းရေးအား တစ်ဆင့်ချင်းနှင့် တစ်ပြိုင်တည်း ပြုလုပ်ရန်အတွက် မြောက်ကိုရီးယား၏ တောင်းဆိုမှုကို ပေကျင်းက ထောက်ခံခဲ့သည်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက်များနှင့် တာဝေးပစ်ဒုံးစီမံကိန်းများအား စွန့်လွှတ်ရန်အတွက် ဆွေးနွေးမှုများတွင် တိုးတက်မှုရှိပါက ပြုံယမ်းတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်မည်ဟု ပေကျင်းက စည်းရုံးခဲ့သည်။ မြောက်ကိုရီးယား၏ ပြည်ပကုန်သွယ်မှုအား အလွန်အမင်းထိခိုက်စေခဲ့သော ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများအား ဖြေလျှော့ပေးရန်အတွက် တရုတ်က ကူညီပေးရန်အတွက် ကင်က ယခုနှစ်အတွင်း တရုတ်သို့ ၎င်း၏သုံးကြိမ်မြောက် ခရီးစဉ်အတွင်း တောင်းဆိုခဲ့ဖွယ်ရှိကြောင်း ခန့်မှန်းခဲ့ကြသည်။

Ref: AP

Most Read

Most Recent