ဖိလစ်ပိုင်စစ်တပ် အဆင့်မြှင့်ရန်အတွက် ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ အသုံးစရိတ်ကို သမ္မတဒူတာတေး အတည်ပြု

ဖိလစ်ပိုင်စစ်တပ် အဆင့်မြှင့်ရန်အတွက် ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ အသုံးစရိတ်ကို သမ္မတဒူတာတေး အတည်ပြု
Published 22 June 2018

၂၀၁၇ ခုနှစ် ဇွန် ၂၈ ရက်က ကလက်လေတပ်စခန်းတွင် တရုတ်မှ ကူညီသည့် လက်နက်များ ပေးအပ်သည့် အခမ်းအနား၌ သမ္မတဒူတာတေးကို တွေ့ရစဉ် (Photo: AP)

ခေတ်နောက်ကျနေသော ဖိလစ်ပိုင်စစ်တပ်အား ခေတ်မီစေရန် အဆင့်မြှင့်တင်မည့် အစီအစဉ်အတွက် ပီဆိုဘီလျံ ၃၀၀ (ဒေါ်လာ ၅ ဒသမ ၆ ဘီလျံ) သုံးစွဲမည့် ငါးနှစ်စီမံကိန်းကို သမ္မတရိုဒရီဂိုဒူတာတေးက အတည်ပြုခဲ့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ယခင် ၁၅ နှစ်ကြာ စစ်တပ်အဆင့်မြှင့်တင်ရေး အစီအစဉ်သည် ၁၉၉၀ ပြည့်လွန် နှစ်အလယ်ပိုင်းနှစ်များတွင် မအောင်မြင်ခဲ့ဘဲ ဖိလစ်ပိုင်စစ်တပ်တွင် ဒုတိယကမ္ဘာစစ်မှ စစ်သင်္ဘောများနှင့် ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်က အသုံးပြုခဲ့သည့် ရဟတ်ယာဉ်များ အပါအဝင် ခေတ်နောက်ကျသည့် စစ်လက်နက်များကို သုံးစွဲနေရသည်။

ဖိလစ်ပိုင်စစ်တပ်၏ ကာကွယ်ရေးစွမ်းရည်ကို အရှိန်မြှင့်တင်ရန်အတွက် တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ၊ အပေါ့စားတင့်ကားများ၊ ရေဒါစနစ်၊ ဖရီးဂိတ် သင်္ဘောနောက်ထပ်တစ်စင်း၊ ရေငုပ်သင်္ဘော တစ်စင်းတို့ အပါအဝင် စစ်လက်နက်သစ်များအား ယခုအခါ ဝယ်ယူရမည်ဖြစ်ကြောင်း မီဒီယာသို့ ထုတ်ဖော်ပြောရန် အခွင့်မရှိသဖြင့် အမည်မဖော်လိုသည့် ထိုကာကွယ်ရေး တာဝန်ရှိသူက ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတအဖြစ် ထမ်းဆောင်ခဲ့သည့် ဘီနစ်နိုအကွီနိုအစိုးရလက်ထက်တွင် တစ်ပတ်ရစ် သင်္ဘောများနှင့် လေယာဉ်အများစုအား ဝယ်ယူမှု အပါအဝင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံဝန်းကျင်ကို သုံးစွဲခဲ့သည်။

စစ်တပ်ခေတ်မီစေရန်အတွက် ဒေါ်လာ ၅ ဒသမ ၆ ဘီလျံသုံးစွဲရန် အစီအစဉ်ကို ပြီးခဲ့သောလတွင် ကာကွယ်ရေးနှင့် စစ်ဘက်ထိပ်တန်းတာဝန်ရှိသူများနှင့် ဆွေးနွေးပွဲတစ်ခုတွင် ဒူတာတေးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုံခြုံရေးအား အာရုံစိုက်ပြီး ကျယ်ပြောသော ကျွန်းစုနိုင်ငံ၏ ရေကြောင်းနယ်နိမိတ်များကို ကာကွယ်ရန်အတွက် ခေတ်မီစီမံကိန်း ၃၃ ခုအား ဒူတာတေးက အတည်ပြုခဲ့ကြောင်း ဗိုလ်ချုပ်တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းတို့သည် မောင်းသူမဲ့ လေယာဉ်များ၊ ခရီးဝေးသွား ကင်းလှည့်လေယာဉ်များ၊ ကမ်းလွန်ကင်းလှည့်သင်္ဘောများနှင့် လျှပ်စစ်-ဒီဇယ်စွမ်းအင်ရောသုံး ရေငုပ်သင်္ဘောတစ်စင်းတို့အတွက် ပရီမီယံကြေးများ သွင်းထားကြောင်းလည်း ထိုဗိုလ်ချုပ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် ၂၀၂၃ ခုနှစ်နောက်ပိုင်း ရေငုပ်သင်္ဘောလေးစင်းဝယ်ရန် စီစဉ်ထားကြောင်း ကာကွယ်ရေးဌာနပြောခွင့်ရပုဂ္ဂိုလ် အာဆင်နီယိုအန်ဒိုလောင်က ပြောကြားခဲ့သည်။ ထို့ပြင် ရဟတ်ယာဉ်သစ်များနှင့် အပေါ့စားတင့်ကားများ ဝယ်ရန်အတွက် ဒေါ်လာတစ်ဘီလျံကို ဒူတာတေးက ချန်ထားသော်လည်း ဝယ်ယူမှုကိုမူ မလုပ်ရသေးပေ။ ဖိလစ်ပိုင်သည် အများအားဖြင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ကယ်ဆယ်ရေး၊ စစ်သွေးကြွများနှင့် ပင်လယ်ဓားပြများအား နှိမ်နင်းရေးတို့အတွက် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အမေရိကန်တို့ထံမှ စစ်လက်နက် အကူအညီများ ရရှိခဲ့သည်။

ဖိလစ်ပိုင်ရှိ တစ်ခုတည်းသော အစ္စလာမ်မြို့ဖြစ်သည့် မာရာဝီ၌ ပြီးခဲ့သောနှစ်တွင် IS လိုလားသည့် စစ်သွေးကြွများက စစ်တပ်နှင့် ငါးလကြာ တိုက်ခိုက်ခဲ့ပြီးနောက် ဖိလစ်ပိုင်စစ်တပ်သည် IS ကို အားကျသော နောက်ထပ်တိုက်ခိုက်မှုများမှ ကြိုတင်ကာကွယ်နိုင်ရန် အာရုံစိုက်လုပ်ဆောင်နေသည်။ ထို့ပြင် တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အငြင်းပွားမှုအတွက် ဖိလစ်ပိုင်သည် တရုတ်၏စိန်ခေါ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။

Ref: Reuters

Most Read

Most Recent