အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုများကြောင့် လူဒါဇင်များစွာသေဆုံးပြီး တစ်သန်းကျော် အိုးအိမ်စွန့်ခွာရ

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုများကြောင့် လူဒါဇင်များစွာသေဆုံးပြီး တစ်သန်းကျော် အိုးအိမ်စွန့်ခွာရ
Published 21 June 2018

ဇွန် ၁၅ ရက်က ထရိပူရပြည်နယ် မြို့တော်အပြင်ဘက်ရှိ ဘယ်ဒါခယ်ရွာတွင် ရေလွှမ်းနေစဉ် သွားလာနေသူများကို တွေ့ရစဉ် (Photo: AFP)

တောင်အာရှတွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး လူဒါဇင်များစွာသေဆုံး၍ တစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရကြောင်း၊ အများစုသည် အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့မှဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ဟိမဝန္တာမှ အိန္ဒိယသို့ စီးဆင်းပြီး ယင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ဖြတ်သန်းသည့် ဗြဟ္မပုတြမြစ်၏ မြစ်ကမ်းပါးများ ကျိုးပေါက်မှု ဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့်သီတင်းပတ်တွင် အိန္ဒိယ၏အာသံပြည်နယ်ရှိ ကျေးရွာ ၁,၅၀၀ ကျော်တွင် ရေလွှမ်းခဲ့သည်။

“ရေကြီးတဲ့အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ ရှိနေသေးတယ်” ဟု အာသံပြည်နယ်၏ ရေအရင်းအမြစ်ဝန်ကြီး ကီရှက်မာ ဟန်တက ရိုက်စ်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

လာမည့် ၄၈ နာရီအတွင်း မိုးပိုမိုသည်းထန်စွာ ရွာသွန်းမည်ဟု မိုးလေဝသဌာနက ခန့်မှန်းထားသည်ဟု မာဟန်တက ပြောကြားခဲ့သည်။ အာသံပြည်နယ်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးများအတွက် စစ်တပ်က ရဟတ်ယာဉ်များ အသင့်ထားထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရေကြီးမှုများကြောင့် အိန္ဒိယပြည်နယ်များဖြစ်သည့် အာသံ၊ ထရီပူရနှင့် မဏိပူရ်တို့တွင် လူ ၂၀ ခန့်သေဆုံးပြီး ၈၀၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာခဲ့ရသည်။ ဗြဟ္မပုတြမြစ်တွင် မြစ်ရေသည် ယခုသီတင်းပတ်မကုန်မီအထိ မြင့်တက်ဖွယ်ရှိသည်ဟု အိန္ဒိယ၏ ဗဟိုရေ အရင်းအမြစ်ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ ရေစုန်တွင် လူ ၁၁ ဦး သေဆုံးပြီး လူ ၂၅၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ (သို့မဟုတ်) ရေကြီးမှုဒဏ်ကို ခံခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများနှင့် အခြားမတော်တဆမှုများ ဖြစ်ပွားခဲ့ရာတွင် နယ်စပ်အနီးရှိ စခန်းများတွင် နေထိုင်သည့် ဘင်္ဂါလီဒုက္ခသည် (မူရင်းတွင် ရိုဟင်ဂျာမွတ်စလင်ဟု သုံးထား) နှစ်ဦး အပါအဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။

Ref: Reuters

Most Read

Most Recent