အမေရိကန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်

အမေရိကန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်
Published 21 June 2018

ဇွန် ၁၉ ရက်က ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးဌာန၌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဟာလေးစကားပြောနေသည်ကို နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ကြည့်နေစဉ် (Photo: AFP)

အမေရိကန်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ နုတ်ထွက်ကြောင်း ဇွန် ၂၀ ရက်တွင် ကြေညာခဲ့ပြီး ထိုကောင်စီအဖွဲ့ဝင် နိုင်ငံများ၏ သူတော်ကောင်းဟန်ဆောင်မှုများအား ရှုတ်ချခဲ့ကာ အစ္စရေးနိုင်ငံအား ဘက်လိုက်၍ မရပ်မနား ဆန့်ကျင်နေကြောင်းလည်း စွပ်စွဲခဲ့သည်။ ထိုနုတ်ထွက်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာရန် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနှင့်အတူ ရောက်ရှိလာခဲ့သည်။ အမေရိကန်သည် လူ့အခွင့်အရေးအတွက် ဦးဆောင်ကြိုးပမ်းသူအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားခဲ့သော်လည်း ထိုဆုံးဖြတ်ချက်သည် ကုလသမဂ္ဂနှင့် နိုင်ငံစုံသံတမန်ရေးရာ အဖွဲ့အစည်းများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ရန်လိုမှုများကို ထင်ဟပ်ခဲ့သည်။

မက္ကဆီကိုနိုင်ငံမှ အမေရိကန်ထဲသို့ ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ခိုလှုံခွင့်တောင်းခံသည့် မိဘများနှင့် ၎င်းတို့၏ ကလေးများကို ခွဲ၍ထားသည့် အမေရိကန်၏လုပ်ရပ်အား ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad Al Hussein က ဇွန် ၁၉ ရက်တွင် ဝေဖန်ခဲ့ပြီးနောက် အမေရိကန်က ယင်းဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကောင်စီအား ပြုပြင်ပြောင်းလဲမှုလုပ်ဆောင်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့ဝင်နိုင်ငံများအား ထုတ်ပယ်ရန် တစ်နှစ်ကျော်ကြာ တောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီးမှသာ ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဟာလေးနှင့် ပွန်ပီယိုတို့က အလေးအနက်ထား ပြောကြားခဲ့သည်။

ထိုကောင်စီသည် လူ့အခွင့်အရေး ချိုးဖောက်သူများအား ကာကွယ်ပေးသည့်အဖွဲ့အဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ကြောင်း၊ နိုင်ငံရေးဘက်လိုက်သည့် အကျင့်ပျက်မှုများ ပြည့်နှက်နေကြောင်း၊ ဝမ်းနည်းစရာကောင်းသည်မှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ၎င်းတို့၏တောင်းဆိုချက်များမှာ အရေးစိုက်မခံရကြောင်း ထင်ရှားသွားခဲ့ဟု ဟာလေးက ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း လူ့အခွင့်အရေးများအား မြှင့်တင်ရန်နှင့် ကာကွယ်ရန်အတွက် ၂၀၀၆ ခုနှစ်တွင် ထူထောင်ခဲ့သည့် ထိုကောင်စီ၏ ကြေညာချက်များနှင့် အစီရင်ခံစာများသည် အမေရိကန်နှင့် မကြာခဏ အချင်းများခဲ့သည်။

အမေရိကန်သမ္မတဟောင်း ဂျော့ဒဗလျူဘုရှ်လက်ထက် ၂၀၀၆ ခုနှစ်တွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ဂျွန်ဘိုတန် (ယခုထရန့်၏ အမျိုးသားလုံခြုံရေး အကြံပေး။) က ထမ်းဆောင်နေစဉ် ထိုကောင်စီ၌ အမေရိကန်ပါဝင်ရန် ငြင်းဆန်ခဲ့သည်။ သို့သော် ဘာရက်အိုဘားမားက အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရချိန်တွင် ၂၀၀၉ ခုနှစ်၌ အမေရိကန်က ယင်းကောင်စီတွင် ပါဝင်ခဲ့သည်။ သို့သော် ဒေါ်နယ်ထရန့်က အမေရိကန်သမ္မတဖြစ်လာချိန်တွင် ကုလသမဂ္ဂအား ရန်လိုသည့်ချဉ်းကပ်မှုကို ဦးတည်ခဲ့ပြီး ကုလသမဂ္ဂယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီ (ယူနက်စကို) မှ နုတ်ထွက်ခဲ့ပြီးဖြစ်ကာ ကုလသမဂ္ဂ ရန်ပုံငွေများအား လျှော့ချဖြတ်တောက်ခြင်း၊ ပါရီရာသီဥတု တိုက်ဖျက်ရေး သဘောတူညီချက်မှ နုတ်ထွက်ရန် စီစဉ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

Ref: AFP

Most Read

Most Recent