နှစ်နှစ်ကြာပြီးနောက် တောင်ဆူဒန်မှ ရန်ဘက်နှစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြမည်

နှစ်နှစ်ကြာပြီးနောက် တောင်ဆူဒန်မှ ရန်ဘက်နှစ်ဦးတို့ ပထမဆုံးအကြိမ် တွေ့ဆုံကြမည်
Published 21 June 2018

၂၀၁၄ ခုနှစ် မေ ၉ ရက်က တောင်ဆူဒန်တွင် တိုက်ခိုက်မှုရပ်ဆိုင်းရေး သဘောတူညီချက် လက်မှတ်ထိုးသည့် အခမ်းအနား၌ ကီယာ (ဝဲ) နှင့် မာချာ (ယာ) တို့ကို တွေ့ရစဉ် (Photo: AFP)

တောင်ဆူဒန်ပြည်တွင်းစစ်၏ ဗဟိုချက်မှ ပုဂ္ဂိုလ်နှစ်ဦးသည် နှစ်နှစ်နီးပါးကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဇွန် ၂၀ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

တောင်ဆူဒန်သမ္မတ ဆယ်ဗာကီယာနှင့် သူပုန်ခေါင်းဆောင်ရိခ်မာချာတို့ မျက်နှာချင်းဆိုင် တွေ့ဆုံလိမ့်မည်ဟု မျှော်မှန်းထားကြောင်း ထိုတွေ့ဆုံပွဲ ဖြစ်မြောက်စေရေးအတွက် ဝင်ရောက်စေ့စပ်ပေးသည့် အီသီယိုးပီးယားက ပြောကြားခဲ့သည်။ ရိခ်မာချာသည် ၂၀၁၆ ခုနှစ် ဇူလိုင်လက တောင်ဆူဒန်မှ ထွက်ပြေးသွားခဲ့သူဖြစ်သည်။

မတည်ငြိမ်သော ဆက်ဆံရေးကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ၎င်းတို့နှစ်ဦးကြားတွင် တရားဝင်ဆွေးနွေးရမည့် အတိုင်းအတာမှာ ကျယ်ပြန့်လှသည်။ တွေ့ဆုံပွဲ၏ ရလဒ်မှာ မည်သို့ဖြစ်လာမည်ကို ရှင်းရှင်းလင်းလင်း မခန့်မှန်းနိုင်သေးသည့်အပြင် ဆွေးနွေးပွဲဖြစ်လာပါ့မလားဟုပင် သံသယများ ရှိခဲ့ကြသည်။

ကီယာနှင့် မာချာတို့သည် တစ်ချိန်က လွတ်လပ်ရေးအတွက် အတူတိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်ခဲ့သော်လည်း ဆူဒန်မှ လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်း ဆက်ဆံရေး ဆိုးရွားလာခဲ့ပြီး နောက်ဆုံးတွင် ကမ္ဘာ့သက်တမ်းအနုဆုံးနိုင်ငံ တောင်ဆူဒန်၌ ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်အထိ ရောက်ခဲ့သည်။ ယင်းပြည်တွင်းစစ်ကြီးကြောင့် လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံ့လူဦးရေ ၁၂ သန်းထဲမှ သုံးပုံတစ်ပုံအထိ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ ထို့ပြင် နိုင်ငံတွင်းမှ လူအများအပြားမှာလည်း အငတ်ဘေးဆိုက်တော့မည် အခြေအနေသို့လည်း ရောက်ရှိနေပြီဖြစ်သည်။

ထိုစဉ် အီသီယိုးပီးယား ဝန်ကြီးချုပ်သစ် အဘိုင်လီအာမတ်၏ ဖိတ်ခေါ်မှုဖြင့် ကီယာနှင့် မာချာတို့သည် တွေ့ဆုံကြမည်ဖြစ်သည်။ အာမတ်သည် အကျိုးမထူးသေးသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဦးဆောင်ဦးရွက် ပြုပေးနေသည့် ဒေသတွင်း အဖွဲ့အစည်းတစ်ခုဖြစ်သော အစိုးရအချင်းချင်း ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (IGAD) ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။ ဆွေးနွေးပွဲသို့ ကီရာ တက်ရောက်မည်ဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံဆိုင်ရာ တောင်ဆူဒန် သံအမတ်က အတည်ပြုပေးခဲ့ပြီး မာချာက တက်ရောက်မည်ဖြစ်ကြောင်းကို ၎င်း၏ဆူဒန် ပြည်သူ့လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

ဆူဒန်နိုင်ငံထဲ၌ ကာလရှည်ကြာ ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ပြီးနောက် တောင်ဆူဒန်နိုင်ငံ ဖြစ်ပေါ်လာခဲ့သည်။ ကုန်တွင်းပိတ်နိုင်ငံငယ် တောင်ဆူဒန်တွင် မျိုးနွယ်စုများစွာ ရောနှောနေထိုင်လျက်ရှိသည်။ ၂၀၁၃ ခုနှစ်တွင်မူ ကီယာသည် ၎င်း၏ ဒုသမ္မတဖြစ်သော မာချာမှာ ၎င်းကို ဖြုတ်ချရန် ကြံစည်နေသည်ဟု စွပ်စွဲရာမှ အစပြုပြီး နှစ်ဘက်အင်အားစုကြားတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာကာ နိုင်ငံ၏ ကျယ်ပြန့်လှသော လူမျိုးရေးတင်းမာမှုများအတွက် မီးထိုးပေးသကဲ့သို့ ဖြစ်လာခဲ့သည်။

ကီယာနှင့် မာချာတို့ ဆွေးနွေးကြမည့် အရေးကို ကမ္ဘာတစ်ဝန်းမှ ဂျော့ကလူးနီ အစရှိသော ထင်ရှားကျော်ကြားသူများက ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

သမ္မတကီယာမှာမူ ဖိအားများကြောင့် ယခုတွေ့ဆုံပွဲအား တက်ရမည်ဖြစ်သော်လည်း ဆွေးနွေးခြင်းဖြင့် ၎င်းအတွက်ရရှိမည့် အကျိုးကျေးဇူးမှာ နည်းပါးနေသည်။ မြေပြင် အခြေအနေတွင် ကီယာ၏ စစ်သားများသည် အောင်ပွဲများက ဆက်နေကာ အတိုက်အခံတို့မှာမူ အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရသည်။

Ref: AFP

Most Read

Most Recent